ဇန်နဝါရီ ၃၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီမြို့နယ်၊ မော်တုန်းရွာအခြေစိုက် အမြောက်တပ်(အမတ-၃၀၆)တပ်ရင်းက ဇန်နဝါရီ ၂၉ ရက်၊ ညနေ ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘန်းလမွတ်ကျေးရွာအုပ်စု၊ လယ်တောင်ရွာနှင့် ညောင်ပင်ကုန်း ကျေးရွာ အတွင်းသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံ ၅ ဦး ဒဏ်ရာရသွား သည်ဟု မြိတ်ခရိုင်တပ်ရင်း-၂ မှ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးကြီးက ပြောဆိုသည်။
“ထိခိုက်ဒဏ်ရာရတဲ့ ဒေသခံတွေကတော့ နီးစပ်ရာဆေးရုံတွေမှာကုသမှု ခံယူနေတယ်။ စုစုပေါင်း(၅) ယောက် ထိတယ်။ လယ်တောင်ရွာက အမျိုးသမီး(၅)ဦးပေါ့။ နေအိမ်တွေလည်း မီးလောင်ပျက်စီး သွားတယ်။ လက်နက် ကြီးအပြင်ကိုမှ ဒရုန်းနဲ့ပါ ပစ်ချတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။
ထို့အပြင် အဆိုပါ အမြောက်တပ်က ဒရုန်းဖြင့် ညောင်ပင်ကုန်းကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာ အတွင်းရှိ ပြည်သူပိုင်နေအိမ် (၂)လုံး မီးလောင်ပျက်စီးခဲ့သည်ဟု ၎င်းက ထပ်မံပြောဆိုသည်။
အဆိုပါ ဘန်းလမွတ်ကျေးရွာအုပ်စု အတွင်းရှိ ရမ်းဖိုရွာရှိ ဆီအုန်းကုန်း၌ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကွမ်းသီးခူးရန် လာစဉ် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး ဘယ်ဘက်ခြေဖမိုး ပြတ်ထွက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၂ ရက်နေ့တွင်လည်း တနင်္သာရီမြို့နယ်ရှိ ပဝကျေးရွာနှင့် အရှေ့သာရဖုံကျေးရွာတွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသား လေးဦးနှင့် အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများ၏ပြောဆိုချက်များအရသိရသည်။



















