ဇန်နဝါရီ ၃၀ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အလယ်ပိုင်း၊ တောင်ပျောက်တိုက်နယ် အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဇန်နဝါရီ ၂၈ ရက်နေ့တွင် စစ်ကြောင်းထိုး ဝင်ရောင်လာသည့် အတွက် အနီးနားရှိ ရွာ ၄ ရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု စစ်ရှောင်ကူညီနေသူများက ပြော သည်။
ယခုလို ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာများမှာ သရက်ချောင်းမြို့နယ် အလယ်ပိုင်း၊ တောင် ပျောက်တိုက်နယ်အတွင်းရှိ ချောင်းဝပြင်ရွာ၊ သရက်ပင်အိုင်ရွာ၊ ရေချိုချောင်းရွာနှင့် ဂုံညှင်းဆိပ်ရွာများ ဖြစ်သည်ဟု မြို့နယ်စစ်ရှောင်ကူညီနေသူ အမျိုးသားတစ်ဦးက ယခုလိုပြောသည်။
“ပြီးခဲ့တဲ့အပတ်ကစပြီး စစ်ကြောင်းထိုးတယ်။ ဒေသခံတော်တော်များများ စစ်ဘေးရှောင်ရတဲ့ အခြေနေဖြစ် သွား တယ်။ စစ်ကြောင်းစထိုးတဲ့ မနက်ခင်းပိုင်းလောက်မှာ လက်နက်ကြီးတွေ စပစ်တယ်။ အခုထိနေရပ် မပြန် ရသေး ဘူး။ အရင်ကတော့ ခဏခဏထိုးဖူးတယ်။ အရပ်သားဖမ်းဆီးခံရတာတွေရှိပေမဲ့ အသေးစိတ်ကိုတော့ မသိရသေး ဘူး၊ ရုတ်တရက် စစ်ကြောင်းထိုးလာတဲ့ အတွက်ကြောင့်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ တောင်ပျောက်တိုက်နယ်အတွင်းသို့ အခြားဒေသမှနေ၍ စားနပ်ရိက္ခာဝင်ရန် လမ်းမရှိသည့်အတွက် စစ်ရှောင်များ ပိတ်မိနေသလို ဖြစ်ကာ ကျန်ရှိ ရိက္ခာများကိုသာ စားသုံးနေရသည်ဟု သိရသည်။ ထို့အပြင် စစ်ရှောင်များ အပြင်ထွက် ဝယ်မရသည့် အခြေအနေကြောင့် အချိန်ကြာလျှင် ရိက္ခာပြတ်တောက်သွားနိုင်သည်ဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။
လတ်တလောတွင် စစ်ဘေးရှောင်ဒေသခံများအနေဖြင့် ဥယျာဉ်ခြံများနှင့် တော၊ တောင်များအတွင်း ထွက်ပြေး တိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကျေးရွာအတွင်း အခြေချတပ်စွဲထားသည်ဟု သရက်ချောင်း မြို့နယ် ဒေသခံများများ ပြောသည်။
သရက်ချောင်းမြို့နယ်မှ ဒေသခံတစ်ဦးက “စကစတွေက အခုရွာတွေထဲမှာ အထိုင်ချထားတယ်။ လက်နက်ကြီး တွေလည်း ပစ်ခတ်နေတယ်။ အဓိကကတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ကင်းပုန်းချ နေရာယူ ထားတာ တွေလည်းရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ် များတွင်လည်း စစ်ကောင်စီစစ်ကြောင်းကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ စုစုပေါင်း ၆၅,၈၀၀ ဦးကျော် အထိရှိနေပြီး စားနပ်ရိက္ခာများလည်း လိုအပ်လျက်ရှိနေကြောင်း စစ်ဘေးရှောင် ကူညီ နေသူများ ၏ ပြောဆိုချက်များအရ သိရသည်။