ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်က ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ကျောက်ကြီး-မူသဲ ကားလမ်းပေါ်ရှိ စစ်ကောင်စီအတွက် ထောက်ပို့အချက်အချာကျ မူသဲစစ်တပ်စခန်းကုန်းကို ပြန်လည်ရရှိပြီးကြောင်း စစ်တပ်ဝါဒဖြန့်မီဒီယာများမှ ဖြန့်ချိနေကြသည်။
Subscriber (၂၁,၃၇၉) ဦးရှိ “ရဲဝံ့စွန့်စား ပြည်ချစ်သား” တနည်းအားဖြင့် PCT News ဟုလူသိများသည့် တယ်လီဂရမ်ချန်နယ်၊ ဝက်ဘ်ဆိုက် စာမျက်နှာနှင့် Subscriber (၇၉,၀၉၆)ဦးရှိ “တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်တို့မှ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် စတင်ဖြန့်ဝေလာခြင်းဖြစ်ပြီး စခန်းနေရာဟုတ်မဟုတ် အတည်ပြုနိုင်ရန် ခဲယဥ်းသည့် ပုံ(၂)ပုံဖြင့်တကွ ဖော်ပြထားသည်။
ယင်းတို့ကို အောက်ပါလင့်ခ်များတွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
ရဲဝံ့စွန့်စား ပြည်ချစ်သား မှ သတင်းလင့်ခ် – https://archive.ph/tNwha
တိုက်ပွဲသတင်းစုံ မှ သတင်းလင့်ခ် – https://archive.ph/e1A9f
အဆိုပါသတင်းအား စစ်ကောင်စီ၏နာမည်ကြီးဝါဒဖြန့် တယ်လီဂရမ်များဖြစ်သော မှိုင်းဝေ၊ Ka Ka Han၊ BAK24News စသည့်ချန်နယ်များကပါ ထပ်ဆင့်ဖြန့်ချိနေကြပြီး အခြေခံအားဖြင့် ယင်းပို့စ်ကို ကြည့်ရှုသူ ထောင်မှသောင်းဂဏန်းအထိရှိသည်။
အဆိုပါသတင်းအား ကေအိုင်စီ-ကရင်သတင်းဌာန၏အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ စိစစ် ကြည့်ရာ မူသဲစခန်းကို စစ်ကောင်စီကပြန်လည်သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
စစ်ကောင်စီမီဒီယာများက ဖြန့်ချိထားသည့် ဝါဒဖြန့်သတင်းတွင် KNLA ပူးပေါင်း တပ်၏တိုက်ခိုက်မှုကြောင့် မူသဲစခန်းရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စခန်းမှ ခေတ္တရှောင်ဖယ်ပေးခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ (၁၂)ရက်နေ့က စခန်းပြန်လည်ရရှိခဲ့သည်ဟု ဖော်ပြသည်။
ထိုသို့ဖော်ပြချက်နှင့်ပတ်သက်၍ ကေအဲန်ယူ၏ကျောက်ကြီးမြို့နယ် ပြောခွင့်ရ ပဒိုစောဝါးမူက “အဲဒီမူသဲစခန်းက သူတို့(စစ်ကောင်စီ)ဘက်က ပြန်မရသေးပါဘူး။ သွားသိမ်းတဲ့နေ့ကလည်း သူတို့ပြန်ရယူဖို့ကြိုးစားတယ်။ ဒါပေမဲ့ KNLA နဲ့KNDO ပူးပေါင်းတပ်ဘက်က ပြန်ခုခံပြီးတိုက်တော့ သူတို့ပြန်ယူလို့မရဘူး။” ဟု ကေအိုင်စီသို့ ဇန်နဝါရီ(၁၃)ရက်နေ့က ပြောသည်။
သတင်းလုပ်ငန်းစဥ်အတိုင်းလုပ်ဆောင်နေသည့် လွတ်လပ်သော သတင်းမီဒီယာများတွင်လည်း မူသဲစခန်းကို KNLA သိမ်းဆည်းရမိသည့် သတင်းဖော်ပြသည်ကိုသာတွေ့ရှိရပြီး စစ်ကောင်စီပြန်လည်တပ်စွဲလိုက်နိုင်ခြင်းကိုမူ ထပ်မံဖော်ပြခြင်းမရှိပေ။
ထို့အပြင် PCT News နှင့် တိုက်ပွဲသတင်းစုံ ၏ မူရင်းသတင်းအား ကျန်ရှိ မှိုင်းဝေ၊ Ka Ka Han စသည့် တယ်လီဂရမ်ချန်နယ်များမှ ကူးယူဖြန့်ဝေရာတွင် နဂိုပါရှိသည့်ဓာတ်ပုံ(၂)အပြင် မူသဲရွာ စာသင်ကျောင်းနှင့်ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်း၌ ဇန်နဝါရီ ၁၁ ရက်နေ့က ရက်စွဲဖြင့် ရိုက်ကူးထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပုံ (၄)ပုံကိုပါ ထပ်မံဖော်ပြလာသည်။
ပုံများကို ဖော်ပြပါ (https://archive.ph/tVePs) တွင် ကြည့်ရှုနိုင်သည်။
စတင်ပျံ့နှံ့လာသည့် သတင်းပါဓာတ်ပုံများအား ပုံအချက်အလက်စစ်ဆေးသည့် Reverse Image Search Tool ဖြင့် Google Lens, တွင် ကေအိုင်စီမှစစ်ဆေးကြည့်ရာ ၂၀၂၄ ဇန်နဝါရီနှင့် ဩဂုတ်လ တို့တွင်လည်း တူညီသည့်ပုံများအား အသုံးပြုထားသည်ကိုတွေ့ရှိရသည်။
စိစစ်ထားသည့်လင်ခ့်
https://www.google.com/search?sca_esv=ec4e310bc6b52ebd&udm=48&si=ACC90nw1mlnocuuc41hUVcX2YcRtSV-vCIHkhL82LkmBHqZkxc77_KRiUbmpU6cwRCbaf2A0TOgrlel9l8StjWInwfIqmYMQuCxveG_VYrzOmiM5KOjs92SSe44USMJQrm9PXHMeUpaeg5PFJA1t7QorOuCCKYGKaHCkywQvpBI5mP6ReizQwfbhu6E8gOn36KVUA3kHeTBn&vsint=CAIqDAoCCAcSAggiGAAgATojChYNAAAAPxUAAAA_HQAAgD8lAACAPzABENYGGOADJQAAgD8&vsrid=CMun14r5_____wEQAhgBIiQxOTY5NmNhOS04YTIzLTQ2N2YtODk5Ni0yNTc0ZWE4ZjE4NWYyAA&gsessionid=QG93i5_G5y2ALeFcQrLRPJiUxUNDfWRHUcAYJcDU_AI_B9gwqAekyw&lsessionid=qIhIDI8iFnV1NF9nMooxCnqss_ZJT0bd6Y0wdsUUbiCMKPbflKqoWw&vsdim=854,480&lns_mode=un&source=lns.web.ukn&sa=X&ved=2ahUKEwiNhLXpmfeKAxUKzTgGHaiFFtUQpOwNegQIFBAA&biw=1440&bih=693&dpr=2
ထို့အပြင် ကေအဲန်ယူ၏ပြောစကားအရ ကျောက်ကြီးမြို့နယ်တွင်နေထိုင်သည့် ဒေသခံအမျိုးသားတစ်ဦးအား ထပ်မံ၍အတည်ပြုမေးမြန်းရာ ၎င်းက “မူသဲစခန်းကို စစ်တပ်ဆီက အပြီးအစီးသိမ်းပြီး KNU ပဲ ထိုင်ထားတယ်လို့ကြားတယ်။ ပြီးတော့ စခန်းနဲ့ရွာက ကပ်ရပ်မှာရှိတာမဟုတ်ဘူး။ ရွာမှာရှိတဲ့ ဘုရားကျောင်းနဲ့စာသင်ကျောင်းကတော့ ကပ်ရပ်ပဲ။” ဟု ဆိုသည်။
မူသဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၈ ဦးထက်မနည်းသေဆုံး၍ လက်နက်ခဲ ယမ်းများသိမ်းဆည်းရမိခြင်း၊ ပြန်သိမ်းယူနိုင်ရန်စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှေ့ဆက်မတိုးနိုင်သေးကြောင်းကို ကေအိုင်စီက ပုံနှင့်တကွသတင်းဖော်ပြခဲ့ဖူးသည်။
ကေအိုင်စီကဖော်ပြခဲ့သည့် သတင်းလင့်ခ် – https://kicnews.org/2025/01/မူသယ်စခန်းသိမ်းပိုက်စဥ/
လက်ရှိအချိန်အခါသည် စစ်ကောင်စီဘက်မှ စစ်အင်အားပြုန်းတီးမှုများဖြစ်ပေါ်နေပြီး စစ်ရေးအရရှုံးနိမ့်နေသည့်အနေအထားလည်းဖြစ်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများထံ ဘက်ပြောင်းခိုလှုံမှုများလာသည့် ကာလလည်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီအနေဖြင့် ၎င်းဝါဒဖြန့်မီဒီယာများမှ ၎င်းတို့တပ်ဖွဲ့ဝင်များအပါအဝင် တပ်ထောက်ခံအားပေးသူများ စိတ်အားထက်သန်မှုရှိစေရန် အစစ်အမှန်ဖြစ်ကြောင်း သက်သေမပြနိုင်သော ပုံများနှင့်ဖြန့်ဝေမှုမျိုးဟု သုံးသပ်ရမည်ဖြစ်သည်။
ကေအိုင်စီ၏ ပရိသတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက စောလျင်စွာ ယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံ၊ ရုပ်သံများအား ဂရုပြုလေ့လာခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ အတည်ပြုချက်ရယူခြင်း၊ ထုတ်ပြန်ထားသည့် ထုတ်ပြန် ချက်များအား စောင့်ကြည့် အတည်ပြုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။
ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊ အမှန်ခွဲခြားနိုင်သလို ကေအိုင်စီ၏ဖေ့ဘွတ်ခ်စာမျက်နှာ (https://www.facebook.com/KICNewsPage) သို့လာရောက်ပေးပို့နိုင်သည်။