ဇန်နဝါရီ ၁၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အစပ် ငှက်ပျောတော ရွာ၌ စစ်ကောင်စီ ပစ်ခတ်သည့် လက်နက်ကြီး ထိမှန်သည့်နေအိမ် မီးလောင်မှု ဖြစ်ပွားပြီး ကျပ်သိန်း ၂၀၀ နှင့် ရွှေထည်များပါ မီးလောင်သွားသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အချိန်တွင် ကျိုက်ထို အခြေစိုက်တပ်မ ၄၄ အမြောက်တပ်မှ ၁၂၀မမ နှင့် ဟော်ဝစ်ဇာ လက်နက်ကြီးဖြင့် ငှက်ပျောတောနှင့် ကရဝေးဆိပ်ရွာ၊ အထက်စု အတွင်းသို့ ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ နေအိမ် ၃ လုံးထိမှန်ပြီး ယခုလို အိမ်တွင်းရှိ ငွေကြေးနှင့် ရွှေထည်များ မီးလောင် သွားသလို သီးပင်စားပင်နှင့် ဥယျာဉ်ခြံမြေများ ပျက်စီးသွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“မနေ့က သူတို့ (၁၂၀) မမ လက်နက်ကြီး (၃) လုံး ပစ်ခတ်တယ်။ ငှက်ပျောတောဘက်ကို ကျတဲ့ အလုံးဆိုရင် အိမ်တစ်အိမ်လုံး မီးလောင်ပြာကျသွားပြီးတော့ ငွေကြေး သိန်း ၂၀၀ နဲ့ ရွှေထည်ပစ္စည်းတချို့ မီးထဲပါသွားတယ်။ လူထိခိုက်သေဆုံးမှုတွေတော့ မရှိသေးဘူး။ အိမ်ရာနဲ့ သီးပင်စားပင် ပျက်စီးဆုံးရှုံးမှုတော့ ရှိကြတယ်” ဟု အမည်မဖော်လိုသူ ဘီးလင်းဒေသခံ အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ထိုအပြင် အဆိုပါတပ်မ ၄၄ အမြောက်တပ်က ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်အစပ် ကျေးရွာများသို့ လက်နက်ကြီး မကြာခဏ ပစ်ခတ်မှုများ လုပ်ဆောင်နေပြီး ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပေါ် နေသည်ဟု ၎င်းက ဆက်ပြောသည်။
ဇန်နဝါရီ ပထမပတ်မှစ၍ ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီစခန်းအနီး အများပြည်သူနေထိုင်ရာ ကျေးရွာများသို့ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှု ပြုလုပ်နေသည့်အတွက် ကျေးရွာ ၅ ရွာထက်မနည်း ဒေသခံ ထောင်ချီ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု တော်လှန်ရေး အတင်းအရင်းအမြစ်များက ပြောသည်။
အာဏာသိမ်းကာလအတွင်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင်အတွင်းတွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ၊ စစ်ကောင်စီ၏ ကျေးရွာအတွင်းစစ်ကြောင်း ထိုးဝင်ရောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စစ်ဘေးတိမ်းရှောင်နေရသူ တစ်သိန်းကျော်ရှိနေပြီး စစ်ရေးပဋိပက္ခကြောင့် သေဆုံးသူ အရပ်သား ၂၀ ကျော်နှင့် ထိခိုက်ဒဏ်ရာရရှိသူ ၈၀ ကျော်ရှိကြောင်း ကရင် အရပ်ဖက်အဖွဲ့များက ပြုစုထားသည့် မှတ်တမ်းများအရ သိရသည်။