Home သတင်း မိုးရွာသော်လည်း စင်ကာပူ ကရင်နှစ်သစ်ကူးပွဲ လူ ၄,၀၀၀ ကျော် တက်ရောက်

မိုးရွာသော်လည်း စင်ကာပူ ကရင်နှစ်သစ်ကူးပွဲ လူ ၄,၀၀၀ ကျော် တက်ရောက်

813
Photo: Mahn Kalaw

ဇန်နဝါရီ ၁၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စင်ကာပူရောက် ကရင်လူမျိုးများ စုစည်းကျင်းပသည့် ကရင်နှစ် ၂၇၆၄ ခု၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို စင်ကာပူနိုင်ငံ အမှတ် -၂ တယ်လော့ ဘလန်ဂန် (TeloK Brangah) YEO ခန်းမ၌ ဇန်နဝါရီ ၁၂ ရက်နေ့တွင် ကျင်းပ ခဲ့ရာ မိုးရွာနေသော်လည်း လူထောင်ချီတက်ရောက်ဆင်နွှဲခဲ့သည်ဟု ဦးဆောင်ကျင်းပသူများနှင့် တက်ရောက်ခဲ့သူ များက ကေအိုင်စီသို့ ပြောသည်။

စင်ကာပူ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဧည့်ခံကျွေးမွေးရေးအစီ အစဉ်ဖြင့် စတင်ခဲ့ပြီး နေ့လည် ၁၁ နာရီချိန်တွင် ကျွဲချိုမှုတ်ပြီး အကရင်အမျိုးသား သီချင်းဖြင့် နှစ်သစ်ကူးအခမ်း အနား စတင်ကျင်းပခဲ့သည်။

ထို့အပြင် အခမ်းအနား၌ ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ သရုပ်ပြခြင်း၊ ဒုံးအကနှင့် ဖျော်ဖြေရေး အစီအစဉ်များ ညနေ ၄ နာရီ ထိပြုလုပ်သွားမည်ဟု အခမ်းအနားဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ တစ်ဦးဖြစ်သူ မန်းကလောက ကေအိုင်စီသို့ ပြောသည်။

“ဒီနှစ်က စင်ကာပူ ကရင်အမျိုးသားနှစ်သစ်ကူး ကျင်းပရေး ဗဟိုကော်မတီအနေနဲ့ ပြုလုပ်ခဲ့တာတော့ မဟုတ်ဘူး။ စင်ကာပူရောက် ကရင်လူငယ်တွေစုစည်းပြီး ကျင်းပခဲ့တာဖြစ်တယ်။ အခုခန်းမထဲမှာ လူအပြည့်ဘဲ။ အပြင်မှာ လည်းရှိသေးတယ်။ ခန့်မှန်း လူ ၄,၀၀၀ ကျော်လောက်လာတယ်။ အခုချိန်မှာတော့ ရိုးရာဒုံးအကနဲ့ရော ကရင်သီချင်းတွေနဲ့ရော ဖျော်ဖြေနေပါတယ်” ဟု ၎င်းက အခမ်းအနား ကျင်းပနေချိန်အတွင်း ကေအိုင်စီသို့ ပြောသည်။

ယခုလို မိုးရွာသော်လည်း စင်ကာပူရောက်ကရင်လူမျိုးများနှင့်အတူ နှစ်သစ်ကူးပွဲတော်ကို အတူပါဝင်ဆင်နွှဲခွင့်ရ သည့်အတွက် ဝမ်းသာဂုဏ်ယူမိသည်ဟု အခမ်းအနားတက်ရောက်ခဲ့သူ နော်ဒီဒီက ယခုလို ပြောသည်။

“စင်ကာပူမှာ ဒီမနက် မိုးရွာနေတယ်။ မိုးရွာတဲ့ ကြားထဲမှာပဲ နှစ်သစ်ကူးပွဲကိုတော့ လူတော်တော်များများ လာတယ် မိုးရွာတော့ ခန်းမထဲလူ ပြည့်သွားတယ်။ လူတိုးခဲ့ရတယ်။ ကိုယ့် ရွာမှာ နှစ်သစ်ကူးမဆင်နွှဲရပေမဲ့ ရောက်တဲ့ နေရာမှာ အခုလို ကိုယ့်ကရင်တွေ အချင်းချင်းတွေ့ဆုံပြီး နှစ်သစ်ကူးအခမ်းအနား ကျင်းပနိုင်တာ ဝမ်းသာတယ်” ဟု သူမက ပြောသည်။

စင်ကာပူတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ယခင်က ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကျင်းပရေး ဗဟိုကော်မတီ (စင်ကာပူ)က ဦးဆောင်ကျင်းပလေ့ရှိသော်လည်း ယခုနှစ်တွင် မြန်မာပြည်တွင်း တိုင်းရင်းသား ညီနောင်များ စစ်ကောင်စီ၏ ဖိနှိပ်မှုဒဏ်အမျိုးမျိုးခံစားနေရသည်ကို စာနာပြီး ယခုနှစ်တွင် အခမ်းအနား ကျင်းပမည် မဟုတ်ဘူး ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကော်မတီက ထုတ်ပြန်ပြောသည်။