Home သတင်း ကော့ကရိတ်-မြဝတီအာရှလမ်းသစ် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအ ဆောင်အမြောက်အများ တော်လှန်ရေးတပ်ဖွဲ့ သိမ်းဆည်းရမိ

ကော့ကရိတ်-မြဝတီအာရှလမ်းသစ် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်အသုံးအ ဆောင်အမြောက်အများ တော်လှန်ရေးတပ်ဖွဲ့ သိမ်းဆည်းရမိ

905
Photo: Crd.

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေသည့် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်းတွင် လက်နက်ခဲယမ်းနှင့် စစ် အသုံးအဆောင်အများအပြား သိမ်းဆည်းရမိကြောင်း တော်လှန်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ထားချက် အရ သိရသည်။

ဇန်နဝါရီ ၁၁ ရက်မှ ဇန်နဝါရီလ ၁၇ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အခြားတော်လှန်ရေးပူးပေါင်းအဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းအများအပြားအပြင် စစ်ကောင်စီတပ်သား (၂၈) ဦးသေဆုံး၍ (၄၅)ဦးနှင့်အထက် ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထား ချက်အရ သိရသည်။

KNLA တပ်ဖွဲ့ ရှေ့တန်းစစ်မြေပြင် သတင်းအရင်းအမြစ်က “စစ်တပ်ကို အာရှလမ်းတောင်ကြော တစ်လျှောက်ကတော့ ပတ်ဝိုင်းပြီးပစ်ရှင်းရှင်းနေတာပေါ့။ အဲ့ဒီမှာဘုရားတောင်ကုန်းတို့ သီလရှင် ကျောင်းတို့ ရင်ခွဲတောင်ကြောဘက်က ကိုရင်လေးကျောင်းတို့ အဲ့တောင်တွေကို စစ်တပ်က ရင်ဆိုင် ကုန်းတွေ ကတုတ်တွေနဲ့ ကျနော်တို့ဘက်ကို စစ်ကြောင်းထောက်ထားတာပေါ့။ ကော့ကရိတ် ကနေ လက်နက်ကြီးနဲ့ပစ်၊ ဒရုန်းနဲ့ချပေါ့။ အဲ့တာကို ရှောင်ပြီးသူတို့ရင်ဆိုင်ကုန်းတွေကို သိမ်းရတာပေါ့ ” ဟု သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကာင်စီတပ် စခန်းကုန်းလက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး ၁ လက်၊ မိုင်းနှင့် ခဲယမ်းမျိုးစုံနှင့်အခြားစစ်ဘက်သုံးပစ္စည်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ထုတ်ပြန်ထားသည်။

လက်ရှိ ဇန်နဝါရီလ ၁၄ ရက်မှစပြီး နေ့စဉ်လေကြောင်းက စစ်ဆင်ဗုံးကြဲတိုက်ခိုက်မှုအပါအဝင် မြေပြင် စစ်ကြောင်းများဖြင့် အာရှလမ်းအရ ပြန်သိမ်းမည့်စစ်ရေးစီမံချက်ဖြင့် တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ်ဘက်က အကျအဆုံးများနေသလို စစ်ကြောင်းစွန့်ခွာပြီး KNLA မဟာမိတ်တပ်များဘက် လက်နက်ချဘက်ပြောင်းခိုလှုံမှုများရှိနေကြောင်း သိရှိရသည်။

“စစ်တပ်ဘက်ကို ဝိုင်းပိတ်ပြီးပစ်နေတာ့သူတို့ ရေပြတ်၊ ရိက္ခာပြတ်ဖြစ်ပြီး ထွက်ပြေးလာကြတာ တွေရှိတယ်။ တချို့ကတော့ ဆေးသုံးပြီးခံပစ်တာလည်း ရှိတယ်။ ကော့ကရိတ်ဘက်က စစ်ကူတက် ရင်လည်း အဲစစ်ကူတောင်ပါ်မရောက်အောင်ဖြတ်တိုက်တော့ နှစ်ထပ်သုံးထပ်ပိတ်မိပြီးပြေး ဆင်းကုန် တော့ လက်နက်ခဲယမ်းတွေ ကျန်ခဲ့တာပေါ့ ”ဟု ရှေ့တန်းစစ်ရေးနယ် မြေသတင်းအရင်းအမြစ်က ပြောသည်။

လတ်တလောတွင် စစ်ကောင်စီတပ်က အောင်ဇေယျစစ်ဆင်ရေးတကျော့ပြန် စစ်ဆင်ရေးအရှိန်မြှင့် တိုက်ခိုက်မှုကို ဖားအံ၊ ကျုံဒိုး၊ ကော့ကရိတ်အခြေစိုက် တပ်ရင်းများ၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်-စကခ (၁၂) လှိုင်ဝအမြောက်ကုန်း၊‌‌ ခြေလျင်တပ်ရင်း -ခလရ ၉၇ တပ်ရင်းနှင့် ရွှေကြက်မင်းဘုန်းကြီးကျောင်းရှိ အာရှလမ်း ရှေ့တန်း ကွပ်ကဲရေးစစ်ဗျူဟာအဖွဲ့ဖြင့် နေ့/ည လေကြောင်း ကင်းထောက်ပြီး အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင်မည့် စစ်ရေးပြင်ဆင်မှုများ လုပ်ဆောင်နေကြောင်း မြေပြင် သတင်းအရင်းအမြစ်များကထံမှ သိရသည်။