Home တွေ့ဆုံမေးမြန်းခန်း ကေအဲန်ယူ၏ ကလေးမွေးစာရင်း ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေမှုများအပေါ် ဌာနတာဝန်ခံနှင့် တွေ့ဆုံမေး မြန်းခြင်း

ကေအဲန်ယူ၏ ကလေးမွေးစာရင်း ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေမှုများအပေါ် ဌာနတာဝန်ခံနှင့် တွေ့ဆုံမေး မြန်းခြင်း

223

ကေအဲန်ယူ၏ ကလေးမွေးစာရင်း ထုတ်ပေးရန် စီစဉ်ဆောင်ရွက်နေမှုများအပေါ် ဌာနတာဝန်ခံနှင့် တွေ့ဆုံမေး မြန်းခြင်း

“ကလေးအခွင့်အရေး ဆုံးရှုံးမှုမရှိအောင် အချိန်ပိုပေးပြီး လုပ်ဆောင်ရပါလိမ့်မယ်” ပဒိုစောကနဲဖေါ

ကော်သူးလေ နယ်မြေအတွင်းရှိ ကလေးငယ်များကို ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်း တစ်နည်းအားဖြင့် မွေးစာရင်း ထုတ်ပေးရန် မူဝဒါဒ ချမှတ်ပြီး ပြင်ဆင်လုပ်ဆောင်နေမှု အခြေအနေများနှင့် ပတ်သက်၍ ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ပြည်ထဲရေးနှင့် သာသနာရေး ဌာန တာဝန်ခံ ပဒိုစောကနဲဖေါနှင့် တွေ့ဆုံမေးမြန်း ထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။
ကေအိုင်စီ။ ။ အခု ပြည်ထဲရေးနဲ့ သာသနာရေး ဌာနက ကလေးမွေးစာရင်း အကောင်အထည်ဖော်ဖို့ စတင်လုပ် ဆောင်နေတဲ့ အခြေအနေကို ကနဦး မိတ်ဆက်ပြောပြပေးပါ။
ပဒိုစောကနဲဖေါ။ ။ ပြည်ထဲရေးနှင့် သာသနာရေး ဌာနအောက်က လုပ်ငန်းတွေက အများကြီးရှိတယ်။ အဲဒီထဲမှာမှ မိခင်များ ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်တယ်။ အဲဒီထဲမှာမှ (မူဝါဒ) လမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ထားတာ ရှိတယ်။ အဲဒါကတော့ ၂၀၂၄ ခုနှစ်အတွင်းမှာဘဲ။၂၀၂၄ မတိုင်ခင်မှာ လုပ်ငန်းတွေ ချမှတ်ဖော်ဆောင်နိုင်ဖို့ အလုပ်လုပ်မယ့်သူတွေ လိုအပ်တယ်။ အလုပ်လုပ်မယ့်သူတွေ လိုအပ်ချက်ရှိတဲ့အပေါ်မှာ အဖွဲ့အစည်းထဲက ဝန်ထမ်းတွေကို စုစည်းပြီး သင်တန်းပေးတယ်။ သင်တန်းပြီးမြောက်သွားတဲ့အခါကျတော့ သူတို့က လုပ်ငန်းတွေကို အကောင်အထည်စဖော်မယ်။

ကေအိုင်စီ။ ။ မွေးဖွားမှုမှတ်ပုံတင်ခြင်း လမ်းစဉ် ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဘယ်လိုလမ်းစဉ်တွေ ချမှတ်ထား ပါသလဲ။

ပဒိုစောကနဲဖေါ။ ။ လုပ်ငန်းက လမ်းစဉ် ၃ ချက် ၊ ၄ ချက်ရှိတယ်။ တစ်အချက်က ကျန်းမာရေးနဲ့ ကယ်ဆယ်ရေး ဌာနနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေထံမှ မွေးဖွားတဲ့ ကလေးတွေအတွက် သူတို့ရဲ့ အရင် ရှိနှင့်ပြီးသား အစီအစဉ် ဖြစ်တဲ့ ၂၀၂၃ ကနေ ဒီကနေ့အထိ စာရင်းဇယားတွေကို ကျနော်တို့ ပြန်ယူလိုက်တယ်။ ကျနော်တို့ အဲဒါတွေကို မှတ်တမ်းထား ပြုစုထားတယ်။ အဲဒါတစ်ခု ရှိတယ်။ နှစ်အချက်က နောင်ထပ်မွေးလာမယ့် ကလေးတွေအတွက် အခု ကျနော်တို့ ခရိုင်မှာ ရှိတဲ့ ဝန်ထမ်းတွေကို မှတ်တမ်းထားတတ်အောင် သင်တန်းတွေပေးတယ်။

နောက်ပြီး သူတို့ မွေးလာမယ့် နောက်ထပ်ကလေးများ စာရင်းမှတ်တမ်းအစီအစဉ်တွေကို လက်ခံစေဖို့အတွက် ဖြစ်ပါတယ်။ နောက်ထပ်တစ်ခုက ကျနော်တို့ မလုပ်ရသေးတာ ရှိသေးတယ်။ မလုပ်ရသေးဘူးဆိုတာက ရွှေ့ပြောင်း နေထိုင်တဲ့သူတွေအတွက် ဖြစ်တယ်။ သူတို့က ရွှေ့ပြောင်းနေထိုင်တဲ့အတွက် မှတ်တမ်း စာရင်းဇယားမရှိဘူး။ ရွှေ့ပြောင်းနေထိုင်တာကလည်း ရွှေ့ပြောင်းသွားတဲ့နေရာတွေမှာလည်း မှတ်တမ်း ရှိဖို့လိုတယ်။ အဲဒီလိုသူတွေ အတွက်လည်း အစီအစဉ်ရှိလာအောင် လုပ်ဖို့အတွက် အစီအစဉ် ရှိပါတယ်။

ဒါက ကျနော်တို့ အဲဒီလို လမ်းစဉ်ချပြီးလုပ်တယ်။ အခုက ပထမဆုံးအနေနဲ့ လုပ်တာက ကျန်းမာရေးနဲ့ ကယ်ဆယ် ရေးဌာနနဲ့ တခြားကျန်းမာရေး အသင်းအဖွဲ့တွေကနေ ပြုစုထားပြီးသား မှတ်တမ်းစာရင်းဇယားတွေကို ပြန်ပြီး သိမ်းဆည်းတာဘဲ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်က ကျနော်တို့အုပ်ချုပ်ရေး လိုအပ်ချက်ရှိတဲ့အပေါ်မှာ ကမ္ဘာ့ကုလသမဂ္ဂ ကချမှတ်ထားတဲ့ လူ့အခွင့်အရေးကြေညာစာတမ်းနဲ့အညီ ကျနော်တို့အားလုံးသိတဲ့အတိုင်း ကလေးများအားလုံး ကလေးအခွင့်အရေးရှိရမယ်။

ကလေးအခွင့်အရေးထဲမှာမှ မွေးဖွားမှု မှတ်တမ်းမှတ်ရာတွေကလည်း ကလေးတွေ ရရှိရမယ့်အခွင့်အရေး တစ်ခု ပါဘဲ။ သူတို့မွေးဖွားလာတဲ့အပေါ်မှာမူတည်ပြီး ကလေးတွေကို နိုင်ငံသားတစ်ယောက် အဖြစ် အသိအမှတ် ပြုမှု ရှိရ မယ်။ မြန်မာပြည်အရှေ့ အရပ်ကကျနော်တို့လူမျိုးတွေရဲ့အတွေ့အကြုံအရကတော့ စစ်ပွဲတွေနဲ့ ဆက်တိုက် ကြုံနေ ရတယ်။ သူတို့မှာ မွေးစာရင်းမှတ်တမ်းမှတ်ရာ ဘာမှမရှိခဲ့ဘူး။ သူတို့ တခြားလူမှု အသိုင်းအဝိုင်း တစ်ခုခုဆီကို ဝင်ရောက်ရမယ်ဆိုရင် သူတို့အတွက်အခက်အခဲ ရှိလာတယ်။ အဲလိုအခက်အခဲတွေ နောက်ထပ် မရှိရလေအောင် ကျနော်တို့ လမ်းစဉ်၊ လုပ်ငန်းစဉ်တွေကို ချမှတ်ခြင်းဖြစ်ပါတယ်။

မေး။ ။ မွေးဖွားမှုမှတ်ပုံတင်ခြင်း လမ်းစဉ်အမျိုးအစားဘယ်နှစ်မျိုးရှိလဲ။ ဒီလုပ်ငန်းအပေါ်မှာ အခက်အခဲ ဘယ်လို ရှိပါလဲ ပြောပြပေးပါ။

ပဒိုစောကနဲဖေါ။ ။ လုပ်ငန်း (၃)မျိုးရှိတယ်။ ပထမတစ်မျိုး က ရှိနှင့်ပြီးသား မှတ်တမ်းစာရင်းတွေကို ပြန်ယူပြီး သိမ်းဆည်းထားတာက တစ်မျိုးဖြစ်မယ်။ ဒုတိယတစ်မျိုးက နောက်ထပ်မွေးလာမယ့် ကလေးအတွက် အစီအစဉ် ရှိတာက တစ်မျိုးဖြစ်မယ်။ တတိယတစ်မျိုးက ထွက်ပြေးတိမ်းရှောင် ရွှေ့ပြောင်းနေထိုင်လို့ မွေးစာရင်းလုပ်ဖို့ လိုအပ်တဲ့ ကလေးတွေအတွက် လမ်းစဉ်က တစ်ခု ရှိမယ်။ အတွေ့အကြုံတွေအရ ကျနော်တို့ အတွက် တချို့ အတတ်ပညာ ၊ ကျွမ်းကျင်မှုတွေ လိုအပ်သေးတယ်။ အဲဒါကြောင့်မို့ ဝန်ထမ်းတွေကို အတတ်ပညာတွေ ထပ်ပေးရ တယ်။ ပြီးမှဘဲ လက်တွေ့အလုပ်ထဲမှာ လုပ်ကိုင်ကြဖို့ ဖြစ်တယ်။ အများအားဖြင့် ဝန်ထမ်းအင်အားလိုမယ်။

အတတ်ပညာနဲ့ အရည်အချင်းကလည်း လိုအပ်တဲ့အရေးကြီးတဲ့ အရာ ပါဘဲ။ ပြောရမယ်ဆိုရင် အခုက အစဘဲ ရှိသေးတယ်။ အစဘဲရှိသေးတဲ့အတွက် ခုန ကျနော်ပြောတဲ့ ကျန်းမာရေးနဲ့ ကယ်ဆယ်ရေးဌာနနဲ့ ကျန်းမာရေး အသင်းအဖွဲ့တွေ ပြုစုထားတဲ့ မွေးစာရင်းမှတ်တမ်းတွေက ကျနော်တို့ ကို ပြန်ပို့ပေးပြီး အဲဒါတွေအတွက် ကျနော်တို့ အစီအစဉ်အရ စတင်သိမ်းဆည်း လုပ်နေပါပြီး။ ၂ အဆင့် တစ်ခုဖြစ်တဲ့ မွေးလာမယ့်ကလေးတွေအတွက်က အခု ဝန်ထမ်းတွေကို သင်တန်းပေးတုန်း ပါဘဲ။ သင်တန်းပေးပြီး ရင်တော့ အစီအစဉ်ကို သူတို့တာဝန်ယူ ပြန်လုပ်ဆောင် တော့မှာ ဖြစ်ပါတယ်။ ပေးထားခဲ့တဲ့ စာရင်းဇယားတွေအရ ဆိုရင်တော့ သုံးသောင်း လေးသောင်း ကျော်လောက် ရှိတယ်။ အခု ကျနော်တို့ လုပ်နိုင်ခဲ့တာက (၁၀) ရာခိုင်နှုန်း လောက်ဘဲ ရှိပါသေးတယ်။

ကေအိုင်စီ။ ။ မွေးဖွားမှု မှတ်ပုံတင်ခြင်းလမ်းစဉ်ကို ပြည်သူတွေ ပိုသိလာဖို့အတွက် ဆရာအနေနဲ့ ဘာသတင်း စကား တွေ ပြောကြားချင်ပါသလဲ။

ပဒိုစောကနဲဖေါ။ ။ အဲဒါကတော့ ပြည်သူတွေ သိနားလည်လာအောင် အသိပေး ရမယ်။ သတင်းတွေကိုလည်း ဖြန့်ပေးရမယ်။ ဌာနဆိုင်ရာခေါင်းဆောင်တွေနဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခေါင်းဆောင်တွေက ကလေးမွေးဖွားမှု မှတ်ပုံတင်ခြင်း ကို လုပ်သင့်တယ်ဆိုတာကို ပြည်သူတွေနားလည်အောင် အသိပေးရမယ့်တာဝန် ရှိတယ်။ ကျနော်တို့ လူမျိုးတွေ ဖြတ်သန်းလာခဲ့တဲ့ ဘဝအတွေ့အကြံတွေအရ အဲဒါတွေနဲ့ ရင်းနှီးမှု မရှိခဲ့ဘူး။ ရင်းနှီးမှု မရှိခဲ့တဲ့ အတွက် အခက်အခဲတွေတော့ ရှိလိမ့်မယ်။ ပြည်သူတွေ သိမြင်နားလည်လာပြီး ဒီအစီအစဉ်ကို လိုက်နာ လုပ်ဆောင် လာဖို့၊ ကလေးအခွင့်အရေး ဆုံးရှုံးမှုမရှိအောင် အချိန်ပိုပေးပြီး လုပ်ဆောင်ရပါလိမ့်မယ်။

အခုကျနော်ပြောတဲ့ ဖြစ်ရပ်တွေက တောင်ပေါ်ဒေသတွေမှာ ပိုဖြစ်များပါတယ်။ မြေပြန့်ဒေသတွေမှာကျတော့ တချို့လူတွေက အသိရှိပြီးသားဖြစ်မယ်။ တချို့နေရာတွေကျတော့ ကလေးမွေးပြီး မွေးဖွားမှုမှတ်ပုံတင်ခြင်း စာရင်း မှတ်တမ်းတွေလာလုပ်ပြီး အသိအမှတ်ပြု ခံရတယ်ဆိုတာကို သိရှိတာတွေ မရှိသေးဘူး။ ဒါကြောင့် ကျနော်တို့ အလုပ် ပိုလုပ်ရမယ်။

အထူးသဖြင့် မိခင်တွေကို အသိပညာပေးတာတွေကို များများလုပ်ဆောင်ရပါမယ်။ အခု ပထမစစချင်း ကျနော်တို့ လုပ်ဆောင်တာက ဝန်ထမ်းတွေကို အတတ်ပညာ၊ အသိပညာပေးတာတွေဘဲ ရှိပါသေးတယ်။ နောက်တစ်ဆင့်မှဘဲ ပြည်သူတွေဆီကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အခုအချိန် မိခင်တွေကို အသိပညာပေးဖို့ဖြစ်စေ၊ ဌာနဆိုင်ရာကို ဖြစ်စေ၊ အုပ်ချုပ်ရေးပိုင်းကိုဖြစ်စေ အသိပညာပေးဖို့က မလုပ်ဖြစ်သေးဘူး။

ကေအိုင်စီ။ ။ ကျနော်တို့ကလေး အမည်နာမတွေကို မှတ်တမ်းလာထားချင်တယ်ဆိုရင် ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ဆောင်ရမလဲ။

ပဒိုစောကနဲဖေါ။ ။ ကျနော်တို့အဖွဲ့အစည်း၊ အုပ်ချုပ်ရေးပိုင်းတွေက ကျေးရွာ၊ ကျေးနယ်အဆင့်မှာ ရှိတယ်။ အဲဒီကျေးနယ် အဆင့်ခေါင်းဆောင်တွေ ရှိတယ်။ အဲဒီလိုဘဲ ကျေးရွာတွေမှာလည်း ကျန်းမာရေးလုပ်သားတွေ ရှိပါ တယ်။ သူတို့တွေက တကယ့်လက်တွေ့အလုပ်ခွင်နေရာတွေမှာ ရှိနေတဲ့အတွက် အဲဒီနေရာဒေသမှာ ရှိတဲ့ ကျန်းမာရေးလုပ်သားနဲ့ အုပ်ချုပ်ရေးခေါင်းဆောင်တွေက သူတို့အချင်းချင်း ချိတ်ဆက်လုပ်ဆောင်ကြပြီး သူတို့ လုပ်ဆောင်ခဲ့ကြတဲ့အတိုင်း တဆင့်ပြီးတဆင့် ပြန်လည်တင်ပြရပါမယ်။ ကျေးရွာ၊ ကျေးနယ်ကနေ မြို့နယ်၊ မြို့နယ် မှတဆင့် ခရိုင်၊ ခရိုင်ကနေတဆင့် ဗဟိုကို တင်ပြရမှ ဖြစ်ပါတယ်။ ကျနော်တို့ အဲလိုအစီအစဉ် ရှိပါတယ်။

ကေအိုင်စီ။ ။ဒီမွေးဖွားမှု မှတ်ပုံတင်ခြင်းလမ်းစဉ်မှတ်တမ်းကို ရရှိဖို့အတွက် ပြည်သူတွေကို ဘယ်လိုအားပေး စကားမျိုး ပြောချင်ပါသလဲ။

ပဒိုစောကနဲဖေါ။ ။ ကရင်လူမျိုးတွေရဲ့ ဘဝဖြတ်သန်းမှုအတွေ့အကြုံတွေအရ ဒီနိုင်ငံအုပ်ချုပ်သူ အစိုးရရဲ့ လက်အောက်မှာ မြို့တွင်းမှာနေတဲ့ ကရင်တွေဘဲဖြစ်ဖြစ်၊ တောပိုင်းမှာနေတဲ့ ကရင်တွေဘဲဖြစ်ဖြစ်၊ တောင်ပေါ် ဒေသမှာနေတဲ့ ကရင်တွေဘဲဖြစ်ဖြစ် လူမျိုးတစ်မျိုးအဖြစ် သူတို့ကို အသိအမှတ်ပြုခြင်းမခံရပါဘူး။ တန်ဖိုးထားခြင်း မခံရဘူး။ အဲဒါကြောင့် ကျနော်တို့ရဲ့ ရည်မှန်းချက် ၊နိုင်ငံရေး ရည်မှန်းချက်၊ ကေအဲန်ယူရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင် ပြဌာန်းခွင့် ရောက်ရှိဖို့အတွက် တခြားသူတွေက ကိုယ့်ကို အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ၊ မိမိကိုယ်ကိုယ်ကို အသိအမှတ်ပြုရမှာက နံပါတ်တစ် ရည်မှန်းချက်ပါဘဲ။

အဲလို အဓိက ရည်မှန်းချက် ရှိထားတဲ့အပေါ်မှာ ကျနော်တို့ ပြည်သူတွေကလည်း ကျနော်တို့ရဲ့ မျှော်မှန်းချက် ပန်းတိုင်ကို သိထားရမယ့်တာဝန် ရှိပြီး ပန်းတိုင်ကို ဘယ်လောက် ပြီးမြောက် ရောက်ရှိနိုင်မှာလဲဆိုတာ သိဖို့ အရေး ကြီး ပါတယ်။ အဲဒါကြောင့် တဖက်မှာလည်း ကျနော်တို့ရဲ့ ပြည်သူတွေနားလည်အောင် အသိပညာပေးမယ့် လုပ်ငန်းတွေကို ပိုလုပ်ဆောင်ရမယ်။ အသိပညာတွေ ရရှိပြီး ထိထိရောက်ရောက် သိနားလည် လာမယ့် ပြည်သူ တွေကလည်း ကျနော်တို့နဲ့အတူ လက်တွဲပြီး သူတို့ရဲ့တာဝန်ကို သူတို့ သိရမယ်။ အဲဒီအထိရောက်ပြီဆိုရင် ကျနော် တို့ မျှော်လင့်တဲ့အတိုင်း ရောက်ရှိပြီဆိုတာကို ငြင်းစရာ မလိုတော့အောင် ဖြစ်မှာပါ။