Home သတင်း ရေးမြို့ ပင်လယ်ပြင်၌ စစ်သင်္ဘော ၄ စီး တိုးချပြီး ရေကြောင်းမှ အင်အား ဖြည့်တင်းနေ

ရေးမြို့ ပင်လယ်ပြင်၌ စစ်သင်္ဘော ၄ စီး တိုးချပြီး ရေကြောင်းမှ အင်အား ဖြည့်တင်းနေ

753
Photo: MSRF

ဇန်နဝါရီ ၂၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ် ပင်လယ်ပြင်၌ စစ်ကောင်စီက စစ်သင်္ဘော ၄ စီးထိ တိုးချပြီး ရေကြောင်းအသုံးပြု အင်အား ဖြည့်တင်းနေသည်ဟု မွန်ပြည်တော်လှန်ရေးတပ်-MSRF၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

ရေးမြို့နယ် ခေါဇာမြို့ရှိ စစ်ကောင်စီ၏ မီးတိုင်တက်တံတား စစ်‌ဆေးရေးဂိတ်နှင့် ခြေလျင်တပ်ရင်း (ခလရ-၃၁) ကို မွန်တော်လှန်ရေးတပ်များက ဇန်နဝါရီ ၂၃ ရက်၊ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ပြီး စစ်ကူမလာနိုင်အောင်ပိတ်ဆို့ ထားသည့်အတွက် စစ်ကောင်စီက ယခုလို ရေကြောင်းအသုံးပြု အင်အားဖြည့်တင်းနေခြင်းဖြစ်သည်ဟု နိုင်နဂါး က ယခုလိုပြောသည်။

“စစ်ကောင်စီက သူတို့ရဲ့အင်အားတွေကိုရေကြောင်းနဲ့သုံးပြီးတော့ စစ်တပ်အင်အားတွေကို ဖြည့်တာ ရှိတယ်။ အဆင်လို့ခေါ်တဲ့ကမ်းခြေပေါ့နော် အဲ့ဒီတံငါရွာကနေတစ်ဆင့် ရေးမြို့ကိုအင်အားထပ်ဖြည့် တာတွေရှိတယ်။ တခြား ကမ်းခြေတွေကနေလည်း သူတို့အင်အားတွေ ထပ်ဖြည့်တာတွေရှိတယ်။ အဓိကကတော့ စကစ (၁၉)ထဲ ကို ရောက်ရှိသွားပြီးတော့ အဲ့ဒီကနေတစ်ဆင့် ခမရ (၅၈၁)၊ (၅၉၃)ကို အင်အားဖြည့်တယ်။ တော်လှန် ရေးတပ် အင်အားကောင်းတဲ့ ဒေသကို အင်အားဖြည့်တာတွေရှိတယ်” ဟု ၎င်းက ဇန်နဝါရီ ၂၇ ရက်၊ ယနေ့တွင် ပြောသည်။

ထို့အပြင် ရေးမြို့နယ်တောင်ဘက်ရှိ ပင်လယ်ပြင်အတွင်း ယခင်က စစ်သင်္ဘော တစ်စီးသာရှိခဲ့သည်။ သို့သော် ရေးမြို့နယ် အတွင်းရှိ ခြေလျင်တပ်ရင်း (ခလရ-၃၁) တိုက်ခိုက်ခံရပြီးနောက်ပိုင်း စစ်ကောင်စီက စစ်သင်္ဘော ၄ စီး အထိ အင်အားတိုးချဲ့ ချထားလာခြင်းဖြစ်သည်။ အဆိုပါ စစ်သင်္ဘောများက လက်နက်ကြီးရမ်းသမ်း ပစ်ခတ်မှုများလည်း လုပ်ဆောင် နေသည်ဟု နိုင်နဂါးက ဖြည့်စွက်ပြောသည်။

ရေးမြို့နယ်အတွင်းရှိ စစ်ကောင်စီစစ်ကြောင်းထိုးသည့် ကျေးရွာအများစုတွင် ယခင်က တစ်ပိုင်တစ်နိုင် ရိက္ခာသယ် ခွင့် ရရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင် ဒေသခံများ၏ ဖုန်းများကို တင်းကြပ်စွာ စစ်ဆေးခြင်းနှင့် ရိက္ခာသယ် ဆောင်ခွင့် လုံးဝ ဖြတ်တောင်လိုက်သည်ဟု ရေးမြို့နယ်အတွင်းရှိ အမည်မဖော်လိုသူ ကျေးရွာသား တစ်ဦးက ပြောသည်။

၎င်းက “စားနပ်ရိက္ခာသယ်ဆောင်မှုကို လုံးဝခွင့်မပြုတော့ဘူး။ ပထမကတော့ တစ်နိုင် တစ်ပိုင်သယ်ခွင့်ပေးသေးတယ်။ အခုတော့ လုံးဝဖြတ်လေးဖြတ်ပုံစံနဲ့ လုပ်ဆောင်နေတာတွေရှိတယ်။ ပြည်သူ တွေကို ဖုန်းတွေစစ်တယ်။ ကားတွေ ဆိုင်ကယ်တွေ ဖြတ်သွားလို့ရှိရင် သေသေချာချာကို စစ်တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်နေ့က ရေးမြို့နယ် ကျုံလောင်းဒေသတွင် စစ်ကောင်စီစစ်ကြောင်းနှင့် မွန်တော်လှန်ရေး တပ်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးတဝိုက်ကျေးရွာများမှ ဒေသခံ ၁၀၀၀ ကျော် ယခုချိန်ထိ စစ်ရှောင်နေရပြီး ရိက္ခာ လိုအပ်နေသည်ဟု သိရသည်။