Home သတင်း အမေရိကန်ရောက် ကရင်နီဒုက္ခသည် မိခင် ကလေး ၃ ဦးနှင့်အတူ ပစ်သတ်ခံရ

အမေရိကန်ရောက် ကရင်နီဒုက္ခသည် မိခင် ကလေး ၃ ဦးနှင့်အတူ ပစ်သတ်ခံရ

1019
Source: ABC 6 News (Photo: AP)

ဒီဇင်ဘာ ၂၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အမေရိကန်ပြည်ထောင်စု၊ ယူထာပြည်နယ်တွင် ကရင်နီ ဒုက္ခသည် မိခင်တစ်ဦးနှင့် သားသမီး ၃ ဦး ကို ခင်ပွန်းဖြစ်သူက ပစ်သတ်ပြီးနောက် မိမိကိုယ်ကို ပြန်ပစ်ခတ်အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်ဟု ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ABC 6 News သတင်းဌာနက သတင်း ဖော်ပြထားသည်။

အဆိုပါ ဒုက္ခသည်မိသားစုတွင် ခင်ပွန်းဖြစ်သူ ဒိုးရာ (Dae Reh)က မိသားစုဝင် ၄ ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် မိမိ ကိုယ့်ကို သတ်သေသွားခြင်းဖြစ်သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ယူဆထားသည်။ သေဆုံးသူမှာ ကရင်နီဒုက္ခသည် မိသားစုမှ မိခင် ဘုမယ်(Bu Meh) အသက် ၃၈ နှစ်၊ သမီးခရစ္စတီးနားရီး အသက် ၈ နှစ်၊ သား နေးမယ်(Nyay Meh) အသက် ၂ နှစ်တို့ကို အိမ် အပေါ်ထပ် ကုတင်ပေါ်၌ သေဆုံးနေသည်ကိုတွေ့ခဲ့သည်။

ထို့အပြင် အသက် ၁၁ နှစ်အရွယ် သား ဘိုးရယ်(Boe Reh) ကို အိမ်အောက်ထပ် ဧည့်ခန်း၌ သေနတ်ကိုင်လျက်သေဆုံးနေသူ ဖခင် ဒိုးရာနှင့် အတူတွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးသူတို့၏ ရုပ်အလောင်းများကို အင်္ဂါနေ့က Salt Lake City ဆင်ခြေဖုံးရပ်ကွက် အနောက်တောင်ကြားရှိ ၎င်းတို့၏ နေအိမ်၌ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၁၇ နှစ်အရွယ် ရှားရယ် (Sha Reh) မှာ ဦးခေါင်းကိုပစ်ခတ်ခံရသော်လည်း အသက် မသေဘဲ ဦးခေါင်းဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံ တင်ထားရသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါ ပစ်ခတ်မှုကို ယခင်ရက်သတ္တပတ်က ဖြစ်ပွားခဲ့သည်ဟု ရဲများက ယုံကြည်ထားသည်။

သေဆုံးသူ ဒုက္ခသည်မိခင်ဖြစ်သူ ဘုမယ်သည် အလုပ်မဆင်းဘဲ အဆက်အသွယ်ပြတ်တောက်နေ၍ ဆွေမျိုးများက နေအိမ်သို့ သွားရောက် ကြည့်ရှုစဉ် ကားဂိုထောင်ထဲ၌ ဒဏ်ရာရထားသည့် ရှားရယ်ကို တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့ထံသို့ အကြောင်းကြား ရာမှ နေအိမ်အတွင်း မိသားစုဝင်များ သေဆုံးနေသည်ကို တွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ထိုမိသားစုသည် အိမ်တွင်းအကြမ်းဖက်မှုနှင့် ခိုက်ရန်ဖြစ်ပွားမှု တစ်စုံတရာမကြားမိကြောင်း အိမ်နီးချင်းများက ပြောဆိုသည်ဟု ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုထားသည်။

အဆိုပါ မိသားစုသည် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်က ထိုင်း-မြန်မာနယ်စပ်မှ အမေရိကန်ပြည်ထောင်စုသို့ ဒုက္ခသည် ခိုလှုံခွင့် ရရှိခဲ့ခြင်းဖြစ်ပြီး အသက်မသေဘဲ ကျန်ရစ်သူ ရှားရယ်ကို ဆွေမျိုးများက ကျမ်းမာရေးဆေးကုသမှုနှင့် ကောလိပ်ဆက်တက် နိုင် ရေးအတွက် ရံပုံငွေ အလှူခံမှု ပြုလုပ်နေကြောင်းသိရသည်။