Home သတင်း ရွှေကုက္ကိုလ်တွင် ဖြစ်ပွားသည့် ကာလဝမ်းရောဂါ တားဆီးရန် တာ့ခ်ခရိုင်တွင် အရေးပေါ်ဆေးကုသမှုဌာန ဖွင့်လှစ်

ရွှေကုက္ကိုလ်တွင် ဖြစ်ပွားသည့် ကာလဝမ်းရောဂါ တားဆီးရန် တာ့ခ်ခရိုင်တွင် အရေးပေါ်ဆေးကုသမှုဌာန ဖွင့်လှစ်

592

ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုမြို့တွင် ပျံ့နှံ့နေသော Nova Virus ကာလဝမ်းရောဂါကို တားဆီးရန်အတွက် တာ့ခ်ခရိုင်တွင် အရေးပေါ်ဆေးကုသမှုဌာန (EOC) ကို ဖွင့်လှစ်လိုက်ကြောင်း ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဘန်ကောက်ပို့စ်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ တာ့ခ်ခရိုင် အရေးပေါ်ဆေးကုသမှုဌာန (EOC)ကို ကျန်းမာရေးစစ်ဆေးရေးမှူးချုပ်အဖြစ် ဒေါက်တာ Supachok Wechaphanphesat ကို တာဝန်ခန့်အပ်ထားကြောင်း ပြည်သူ့ကျန်းမာရေး အမြဲတမ်းအတွင်းဝန် ဒေါက်တာ Opas Karkawinpong က ဘန်ကောက်ပို့စ် သတင်းဌာနကို ပြောထားသည်။

အဆိုပါ စင်တာသည် သောက်သုံးရေအရည်အသွေးကို စောင့်ကြည့်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှုနှင့်ပတ်သက်၍ ရွှေ့ပြောင်းနေထိုင်သူများကို အကြံပေးခြင်း၊ အစားအသောက်ပြပွဲများနှင့် ရောင်းချသူများကို ကြီးကြပ်ခြင်း၊ ကာလဝမ်းရောဂါကို ကိုင်တွယ်ဖြေရှင်းရန် အမြန်စမ်းသပ်ကိရိယာများ အပါအဝင် ဆေးဝါးပစ္စည်းများကို ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

“တာ့ခ်ခရိုင်၊ မဲရမတ်နဲ့ မဲဆောက်က ရွှေကုက္ကိုရဲ့ ဆန့်ကျင်ဘက်မှာ တည်ရှိနေပြီး စက်ရုံအများအပြားနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအများကြီးနေထိုင်နေတာကြောင့် အန္တရာယ်များပါတယ်။ နှစ်သစ်ကူး အားလပ်ရက်တွေမှာဆိုရင်လည်း လူတွေက ပါတီပွဲတွေနဲ့ အစားအသောက်တွေ မျှဝေစားသောက်ကြအုံးမှာပါ” ဟု ဒေါက်တာ Opas က ဘန်ကောက်ပို့စ်ကို ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၏ ပြောကြားချက်အရ ရွှေကုက္ကိုမြို့တွင် ကာလဝမ်း ရောဂါဖြစ်ပွားသူ ၂၀၀ ခန့်ရှိပြီး သေဆုံးသူ နှစ်ဦးရှိပြီဖြစ်ကြောင်း၊ မဲဆောက်မြို့တွင် ကာလဝမ်းရောဂါ ဖြစ်ပွားသူ နှစ်ဦးရှိပြီး လက်ရှိတွင် မဲဆောက်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ရောဂါထိန်းချုပ်ရန် ဒေသ ထိုင်းအာဏာပိုင်များက ရွှေကုက္ကိုသို့ ဆေးဝါးပစ္စည်းများထောက်ပံ့ ပေးထားသလို မဲရမတ်နှင့် မဲဆောက်ရှိ နယ်စပ်ဂိတ်များတွင် တရားမ၀င် ဝင်ရောက်လာမှုကို တားဆီးရန်အတွက် ပုံမှန်အတိုင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို ထိုင်းတာဝန်ရှိသူတို့က ယခုပိတ်ဆို့ထားသည်ဟုလည်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။

ကာလဝမ်းရောဂါမှ ကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းမှု အထူးဂရုပြုရန်နှင့် ကျက်အောင် ချက်ပြုတ်ထားသော အစားအစာများကိုသာ စားသုံးရန် လိုအပ်သည်ဟု အကြံပြုထားကြောင်း သိရသည်။