ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားများသည် လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါနှင့်ပြည့်စုံသော်လည်း တိုင်းပြည်မရှိသေးသောကြောင့် မိမိ တိုင်းပြည်ကို လိုချင်ပါက မိမိလူမျိုးနှင့် တိုင်းပြည်အတွက် ပါဝင်လုပ်ဆောင်ကြရန် ယနေ့ ကျရောက်သည့် ၂၇၆၄ နှစ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့အခမ်းအနားတွင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA
စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်စောဆန်းအောင်က တိုက်တွန်းပြောဆိုလိုက်သည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ဒေါနအရှေ့ခြမ်းဒေသရှိ DKBA ထိန်းချုပ်ရာ ကျောက်ခက်ကျေးရွာတွင် ယနေ့ပြုလုပ်ကျင်းပသည့် ကရင်နှစ် ၂၇၆၄ ခု၊ ကရင်အမျိုးသားနေ့အခမ်းအနားတွင် ယခုလို တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ခေါင်းဆောင်ကြီးစောဘဦးကြီး ရှိခဲ့တုန်းက သွေးမြေမကျဘဲနဲ့ ကရင်တိုင်းပြည်ကို အရယူဖို့ ကြိုးစားခဲ့တယ်။ သို့ပေမဲ့ မရခဲ့ဘူး။ ဒါကြောင့် ကျနော်တို့လူငယ်တွေ မွေးရာပါအခွင့်အရေး ရဖို့အတွက် ကျနော်တို့ တိုင်းပြည်ရရှိဖို့အတွက် လူတိုင်းလူတိုင်း တာဝန်ရှိတယ်။ လူမျိုးတစ်မျိုးဟာ သူ့မှာ တိုင်းပြည်နဲ့ ထိုက်တန်တဲ့ သူ့ရဲ့ အင်္ဂါရပ်တွေရှိတယ်။ အမျိုးသားအလံရှိတယ်၊ စာပေရှိတယ်။ သူ့ရဲ့ ဓလေ့ထုံးတမ်းအစဉ်အလာ အပြည့် အဝရှိတယ်။ ဒါပေမဲ့ မရှိသေးတာ တိုင်းပြည်ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ရဲ့ ကရင်အမျိုးသားတွေ မိမိတိုင်းပြည်ကို လိုချင်တယ်ဆိုလို့ရှိရင် မိမိလူမျိုးအတွက်၊ မိမိတိုင်းပြည်အတွက် အလုပ်လုပ်ဖို့ ဒီနှစ်သစ်ကူးမှာ နိုးဆော်စေချင်တယ်” ဟု ပြောကြားခဲ့သည်။
ထို့အပြင် အမျိုးသားရေးဟု ဆိုရာ၌ လက်နက်ကိုင် တိုက်ပွဲဝင်ချင်းမျိုးတစ်ခုတည်းမဟုတ်ဘဲ လူမျိုးတွင် ရှိနေသည့် စာပေ ဓလေ့ထုံးထမ်းများကို မမေ့မပျောက်အောင် ထွန်းကားလာအောင် စသည့် ကျရာကဏ္ဍ အသီးသီးတွင် ပါဝင်နိုင်ကြောင်းလည်း ဗိုလ်ချုပ်စောဆန်းအောင်က ဆက်လက်ပြောဆိုသွားသည်။
DKBA ၏ အမှတ်(၁) စစ်ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် စိုင်းကျော်လှ ဦးဆောင်စီစဉ်မှုနှင့် KNU ကော့ကရိတ်မြို့ နယ်တို့ ပူးပေါင်း၍ ယနေ့ပြုလုပ်သည့် နှစ်သစ်ကူးပွဲတော်တွင် ဒေသခံလူထုများ၊ ကျောင်းသားကျောင်းသူများ ဖိတ်ကြားထားသည့် အထူးဧည့်သည်များအပါအဝင် စုစုပေါင်း လူထုပရိသတ် (၃၀၀၀) ကျော်ပါဝင်တက်ရောက်ခဲ့ကြသည်။
အခမ်းအနား တက်ရောက်လာသူ ကရင်လူငယ်နော်မုတုက “ တိုင်းပြည်တစ်ခုရတာနဲ့ မပြည့်စုံ သေးဘူး ။ တိုင်းပြည်ကို စီမံအုပ်ချုပ်တတ်ဖို့ လူငယ်တွေကို ပညာရေးတွေ မြှင့်တင်ပေးရမယ်။ နိုင်ငံတကာ ရောက်နေတဲ့ ပညာတတ် လူငယ်တွေလည်း အများကြီးရှိပါတယ်။ သူတို့အနေနဲ့လည်း ပြန်လာဖို့အချိန်တန်သလို ခေါင်းဆောင်တွေအနေနဲ့လည်း သူတို့ကို နေရာပေးဖို့ လိုအပ်တယ်” ဟု ကေအိုင်စီကိုပြောသည်။

ယနေ့အခမ်းအနားတွင် သက်ဆိုင်ရာ ခေါင်းဆောင် များ၊ ဘာသာရေးခေါင်းဆောင်များမှ အမှာစကားပြော ကြားခဲ့သလို ကရင်အမျိုးသားအစည်းအရုံး-KNUဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ပေးပို့လာသည့် နှစ်သစ်ကူး သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့သည်။
“ကရင့်နှစ်သစ်ကူးဆိုတာက ကျနော်တို့ ကရင်လူမျိုးတွေအတွက် အမျိုးသားရေး စိတ်ဓာတ်ကို နိုးကြားစေတယ်။ ပြန်လည်ဆုံဆည်းကြတယ်။ နှစ်သစ်ကူးရဲ့ ရည်မှန်းချက်အတိုင်း တိုင်းပြည်နဲ့ လွတ်မြောက်ရေးအတွက် ကျနော် တို့ ကရင်လူမျိုးတိုင်းမှာ တာဝန်ရှိတယ်” ဟု ကေအဲန်ယူ ကော့ကရိတ်မြို့နယ် ပညာရေးဌာန ပညာရေးမှူး ပဒိုစောမြင့်သန်းကလည်း အခမ်းအနားတွင် ကေအိုင်စီသို့ ပြောသည်။
ယနေ့ ပွဲတော်တွင်လည်း ကရင့်ရိုးရာ ကောက်သစ်စားခြင်းနှင့် ဖီဖူယော်ရိုးရာ သရုပ်ပြခြင်းကို ထည့်သွင်းခဲ့ပြီး သက်ကြီးပူဇော်ကန်တော့ခြင်း အစီအစဉ် နှင့် စည်းလုံးညီညွတ်ခြင်းသီချင်းဖြင့်အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အင်္ဂလိပ်ကိုလိုနီခေတ်တွင် အစိုးရအသိအမှတ်ပြု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ရရှိရေးအတွက် ၁၉၃၇ခုနှစ်၌ ကရင်အမျိုးသားအောက်လွှတ်တော်အမတ် ၁၂ ဦးက ပါလီမန်(လွှတ်တော်)တွင် လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြပြီး အဆိုပါ တောင်းဆိုမှုကို ကရင်အမျိုးသား အထက်လွှတ်တော်အမတ် ၃ ဦးတို့က ပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြပြီးနောက် ၁၉၃၈ခုနှစ်မှစ၍ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပခဲ့ကြသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရက တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည့် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ကို ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်ခြင်းဖြစ်သည်။ ထိုနေ့ကို ၁၉၃၈ ခုနှစ်မှစ၍ ယခုအချိန်ထိ ကရင်လူမျိုးများနေထိုင်ကြသည့် ဒေသများတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသည်။



















