Home သတင်း ဖားအံတွင် လူငယ်များကို ဖမ်းဆီးပြီး စစ်သားစုဆောင်းနေဟု မြိုခံများပြော

ဖားအံတွင် လူငယ်များကို ဖမ်းဆီးပြီး စစ်သားစုဆောင်းနေဟု မြိုခံများပြော

761
Photo- KIC

ဒီဇင်ဘာ ၂၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် အဖွဲ့ဝင် များ ဦးဆောင်ပြီး လူငယ်နှင့် လူလတ်ပိုင်း အမျိုးသားများကို ဖမ်းဆီးကာ တောင်ကလေးရှိ ခြေမြန်တပ်ရင်း (၂၀၁) သို့ ချက်ခြင်းပို့ဆောင် စစ်သင်တန်း တက်ရောက်ခိုင်းသည်ဟု မျက်မြင်သိရှိသူ မြို့ခံတစ်ဦးက ပြောသည်။

“အခု ဖားအံမှာ အမှတ် ၉ အုပ်ကြီး… ပေါ့ နာမည်တော်တော်ဆိုးပါတယ်။ သူက စစ်သားသစ်စု ပေးတာ၊ ပေါ်တာ ဖမ်းတာ၊ လူစားထိုးဖို့ ငွေတောင်းတာကို ဦးဆောင်လုပ်နေတာ တွေ့ရတယ်။ ရဲနဲ့စစ်တပ်က သူနောက်က လိုက်ရ တယ်။ ကားဝင်းတို့ လှာကမြင်လမ်းမတို့ ကြာအင်းလမ်းခွဲ တို့ဘက်တွေမှာ ပေါ်တာဖမ်းတယ်။ ပြီးရင် ၂၀၁ တပ်ကို ပို့တယ်၊ အခုအဲ့ဒီမှာ လူနှစ်ရာ သင်တန်းပေးဖို့ကိုအခုလူတစ်ရာကျော်မိထားပြီ၊ လူပြည့် အောင်ဖမ်းဖမ်းပြီးပို့ နေတယ်။ တစ်ခြားရပ်ကွက် အုပ်ကြီးတွေလည်း လူဖမ်းပို့ ပေးရတယ်” ဟု မျက်မြင်သိရှိသူ မြို့ခံက ပြောသည်။

ယခုလို လူငယ်များကို ဖမ်းဆီးစစ်သားစုဆောင်ရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ဦးဆောင်ပြုလုပ်နေသည် ဟု မြို့ခံများက ပြောဆိုနေမှုအပေါ် ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုရန်သက်ဆိုင်ရာသို့ ဆက်သွယ်မေးမြန်း သော်လည်း အဆက်အသွယ်မရ ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက်က ဖားအံမြို့ ဆောက်လုပ်ရေး ပစ္စည်းဆိုင်တစ်ဆိုင်မှ ဝန်ထမ်းနှစ်ဦးအား အလုပ်ချိန်အတွင်း ပစ္စည်းပို့ဆောင်ရန်သွားနေစဉ် ဖမ်းဆီးခံရပြီး တောင်ကလေးရှိ ခြေမြန်တပ်ရင်း (၂၀၁) တပ်သို့ ပို့ဆောင် လိုက်သည့်အတွက် လူတစ်ဦးကို ကျပ် ၁၀၀ သိန်းဖြင့် ပြန်လည် ရွေးယူခဲ့ရသည်ဟု မြို့ခံတစ်ဦး ယခုလို ပြောသည်။

“ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်၊ ၁၆ ရက်လောက်က ဆောက်လုပ်ရေးပစ္စည်းဆိုင်က အလုပ်သမား ၂ ယောက် ပစ္စည်း ပို့ဖို့ ကားတင်ကားချလုပ်ဖို့ လိုက်ပို့တာ လမ်းမှာ၂ ယောက်လုံး ဖမ်းပြီး တောင်ကလေး ၂၀၁ တပ်ထဲတန်းပို့ တယ်။ သင်တန်းတက်ဖို့ စာရင်းချက်ခြင်းထည့်တယ်။ လိုက်ပြန်ရွေးတော့ တစ်ယောက်ကို သိန်းတစ်ရာနဲ့ ရွေးရတယ်။ အဲ့ဒီမှာ စစ်သင်တန်း လူမပြည့်သေးတော့ ရွေးထုတ်ပေးတဲ့အဖွဲ့နဲ့ ဖမ်းပို့တဲ့အဖွဲ့တွေ ပြဿနာ တက်ကြတယ်” ဟု မြို့ပေါ် ရပ်ကွက်နေ မြို့ခံတစ်ဦးက ပြောသည်။

ထို့အတူ ယခုရက်ပိုင်းအတွင်း ရန်ကုန်-ဖားအံ သံလွင်တံတား စစ်ဆေးရေးဂိတ်နှင့် မော်လမြိုင်-ဖားအံ ဂျိုင်းမြစ် ကူး ဇာသပြင်တံတားထိပ်တို့တွင်လည်း အခြေားဒေသမှ ပြည်နယ်သို့ ခရီးသွားလာသူ လူငယ်၊ လူရွယ်များကို စစ်ဆေးဖမ်းဆီးပြီး စစ်သားသစ်စုဆောင်းနေသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဖားအံဒေသခံများက ပြောဆိုသည်။