Home သတင်း ကော့ကရိတ်နှင့် ကျုံဒိုးတွင် စစ်ကောင်စီက စစ်ဆေးမှု ပိုမိုလုပ်ဆောင်နေ

ကော့ကရိတ်နှင့် ကျုံဒိုးတွင် စစ်ကောင်စီက စစ်ဆေးမှု ပိုမိုလုပ်ဆောင်နေ

673
Photo- CJ

ဒီဇင်ဘာ ၂၀၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကျုံဒိုးမြို့တွင်ယခု ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွား လမ်းလာ အရပ်သားပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်လာနေသည်ဟု ကိုယ်တိုင်ကြုံတွေ့ ခဲ့ရသည့် ဒေသခံများက ပြောသည်။

ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အများပြည်သူများကို စစ်ဆေးမေးမြန်းမှုများ ပိုမိုလုပ်ဆောင်လာသည့် အပြင် တစ်ချို့ကို ငွေကြေးဒဏ်ရိုက်မှုများလည်း ရှိသည်ဟု ကျုံဒိုးမြို့နယ် ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“စစ်ဆေးမှုတွေပိုလုပ်တော့သတိနဲ့ သွားလာရတယ်။ ဟိုနေ့က ပစ္စည်းလာဝယ်တဲ့ကားတစ်စီးကို ပိုက်ဆံ ငါးသိန်း တောင်းတယ်။ မြဝတီကနေ ဆင်းလာတာထင်ပြီး ဒဏ်ရတာလားတော့မသိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြော သည်။

အလားတူ ကော့ကရိတ်နှင့် ကျုံဒိုးမြို့ ကြားလမ်းမတစ်လျှောက်တို့တွင် စစ်ကောင်စီတပ်နှင့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်တစ်ချို့ အင်အားအများအပြား တပ်ချထားကာ ရွာတွင်းဆက်လမ်းများအားလုံး ကင်းပုန်းဝပ်တပ်ချထားသည်ဟု ဒေသခံရွာသားများက ပြောသည်။

“ကော့ကရိတ်-ကျုံဒိုးလမ်းတစ်လျှောက်မှာ စစ်ကောင်စီတပ်တွေ BGF တပ်တွေ ရှိနေတယ်။ ရွာတွင်းဆက် လမ်းဝင်ပေါက်တွေ အားလုံးလည်း ကင်းပုန်းဝပ်တပ်ချထားတာရှိတယ်” ဟု ဈေးအရောင်းအဝယ်ပြုလုပ် သွားလာနေသူ တစ်ဦးက ပြောသည်။

ယခုလို အများပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းမှုများပိုမို လုပ်ဆောင်လာခြင်းနှင့် အတူ အတင်းအကြပ် စစ်သားစုဆောင်မှုများလည်း ရှိသည်ဟု သတင်းများ ထွက်ပေါ်နေပြီး စိုးရိမ်စိတ်ဖြင့် သွားလာနေရသည်ဟု ဒေသခံများက ပြောဆိုသည်။