Home သတင်း ဖားအံတွင် လူငယ်များ ကရင်နှစ်သစ်ကူးကာလ အပြင်ထွက်သွားလာရန် စိုးရိမ်နေ

ဖားအံတွင် လူငယ်များ ကရင်နှစ်သစ်ကူးကာလ အပြင်ထွက်သွားလာရန် စိုးရိမ်နေ

920
Photo- CJ

ဒီဇင်ဘာ ၂၈၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဖားအံတွင် ယခုလအတွင်း လူငယ်များကို ဖမ်းဆီးပြီး စစ်မှုထမ်းရန် စုဆောင်းမှုများ ဖြစ်ပေါ်နေသည့်အတွက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကာလအတွင်း လူငယ်များအိမ်ပြင်ထွက် သွားလာရန် စိုးရိမ်မှုများ ရှိနေ သည်ဟု မြို့ခံများက ပြောသည်။

“ရပ်ကွက်ထဲက လူငယ်တွေ စစ်မှုထမ်းရမယ့်စာရင်းမှာပါနေတယ်။ အိမ်မှာနေရင်တော့လစဉ်ကြေး နှစ်သောင်း ကျပ် ထည့်ပြီးနေလို့ရတယ်။ ဒီရက်ပိုင်း ကရင်နှစ်သစ်ကူးနီးလာပြီဆိုတော့ အခါကြီးရက်ကြီး အပြင်ထွက်သွား လာတာ၊ လမ်းမှာ စစ်ဆေးလို့ ဖမ်းသွားတာဆိုရင်တော့ စစ်မှုထမ်းရမယ်။ ပေါ်တာပါမယ်။ တာဝန်မယူဘူးလို့ ရပ်ကွက်လူကြီးက ပြောလာတော့ အခုကရင်နှစ်သစ်ကူး ပွဲခင်းတွေကို ညပိုင်းသွားဖို့မိဘတွေက အပြင်ပေး မလွတ်ရဲကြဘူး” ဟု အမည်မဖော်လိုသူ အမှတ်-၃ ရက်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးရက်ရှည် အလုပ်ပိတ်ရက်များရှိ၍ ဖားအံမြို့သို့ အခြားဒေသမှ လာရောက် လည်ပတ်သူ များပြားနေသည့် အချိန်ဖြစ်သည်။ ထိုသို့ လာရောက်လည်ပတ်သူများကို ဖားအံမြို့အဝင် သံလွင်တံတား အဖွဲ့စုံစစ်ဆေးရေးဂိတ်နှင့် တောင်ကလေး အဖွဲ့စုံစစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုများ ပြုလုပ်နေ သည်ဟု တောင်ကလေး ကျေးရွာဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“ဒီရက်တွေက ဖားအံကို လာလည်သူတွေ များတဲ့ ရက်လေ။ တောင်ကလေးအဖွဲ့စုံဂိတ်၊ သံလွင်တံတားဂိတ်၊ လှာကဒေါင်ဂိတ်တွေမှာ ကွန်ကရစ်ဘန်ကာကြီးတွေနဲ့ အဖွဲ့စုံစစ်တာ။ ဆိုင်ကယ်လိုင်စင်ဖမ်းတယ်၊ မှတ်ပုံတင် စစ်တယ်၊ ဖုန်းစစ်တယ်။ ပြီးရင်လိုင်စင်မဲ့စီးလို့၊ မှတ်ပုံတင်မပြနိုင်လို့၊ ဖုန်းထဲမှာစစ်တပ်ဆန့်ကျင်တဲ့ ပို့စ်တွေတွေ့ ရလို့၊ ဒီနယ်ကမဟုတ်လို့၊ PDF နဲ့ ဆက်နွယ်လို့ စသဖြင့် ပုံစံမျိုးစုံနဲ့ ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံ သိမ်းတာ လုပ်နေတာ နေတိုင်းခံနေရတယ်” ဟု ၎င်းက ပြောသည်။

ယခုလို စစ်ဆေးမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဖားအံမြို့နယ်၊ တောင်ကလေးကျေးရွာ နှစ်သစ်ကူးကွင်း၌ တောင်ကလေး(ဖလုံပညာ့တ်ုဝါန့်) ၃၃ ကြိမ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်အမျိုးသားအလံတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်နေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး ဒုံးအဖွဲ့များ၊ ဘင်ခရာအဖွဲ့များစသည့် လူငယ်အများအပြား တက်ရောက်ခဲ့သည်ဟု တောင်ကလေးဒေသခံ အခြား တစ်ဦးက ပြောသည်။

လက်ရှိ ဖားအံမြို့၌ စစ်ကောင်စီက လုံခြုံရေး တိုးမြင့်လုပ်ဆောင်နေသလို တည်းခိုရိပ်သာများတွင်လည်း ညပိုင်း ဧည့်စာရင်းစစ်မှုများ လက်တလောကလတွင် ရှိနေသည်ဟု သိရသည်။