ဒီဇင်ဘာ ၂၀၊ ၂၀၂၄ ။ ကေအိုင်စီ
ဖားအံမြို့ပေါ်တွင် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ အများပြည်သူနေထိုင်သည့် ရပ်ကွက်များသို့ တစ်နေ့လျင် လျှပ်စစ် မီး တစ်နာရီဝန်းကျင်သာပေးသည့်အတွက် အစားအစားချက်ပြုတ်ရာတွင် မီးသွေးကိုသာ အဓိက အသုံးပြုနေရပြီး မီးသွေးများရှားပါးကာ ဈေးမြင့်တက်နေသည်ဟု မြို့ခံများက ပြောသည်။
အလားတူ ဖားအံမြို့ပေါ်တွင်သာမက ကျေးရွာများတွင်လည်း လျှပ်စစ်မီး ဆိုးရွားစွာပျက်တောက်နေပြီး ဒေသခံတို့ မီးသွေးကိုသာ အဓိက သုံးစွဲနေရပြီး မီးသွေးဈေးနှုန်းများ တစ်အိပ်လျင် ကျပ် ၃၀,၀၀၀ ထိ ဈေးမြင့်တက်လာသည် ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။
“ဟိုးအရင် အာဏာမသိမ်းခင်ကဆိုရင် မီးသွေး တစ်အိတ်ကို သုံးထောင် ၃,၀၀၀ ကျပ် ကျော်ပဲရှိတယ်၊ အာဏာ သိမ်းပြီး ဈေးတက်တက်လာတာ အခုဆို တစ်အိပ် ကျပ် ၃၀,၀၀၀ ကျော်နေပြီး၊ ရှေ့ဆက်တစ်သိန်းဝန်းကျင်ထိ တက်လာမလား မသိဘူး။ တစ်ချို့နေရာမှဆို သုံးသောင်းတောင်မရတော့ဘူး။ လိုက်ရှာ ဝယ်နေရတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ဖားအံတွင် ယခုလို လျှပ်စစ်မီးမရ၍ မြို့ခံများ အစားအသောက်ချက်ပြုတ်ရာ၌ တစ်ချို့ ဂက်စ်မီးဖို များကို အသုံးပြုသော်လည်း သာမာန်ပြည်သူ အများစုနှင့် တစ်နိုင်တပိုင် အစားအသောက်ရောင်းချသူတို့က မီးသွေးကိုသာ အဓိက အသုံး ပြုနေရကြောင်း မြို့ခံများထံမှ သိရသည်။
ထို့အပြင် ဖားအံသို့ မီးသွေးတင်ပို့နေသည့် ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွား နေသည့်အတွက် သယ်ယူပို့ဆောင်ရေး၊ လမ်းခရီး လုံခြုံမှုမရှိသည့်အတွက် လှိုင်းဘွဲ၊ ပိုင်ကျုံ၊ နဘူး စသည့် မြို့များ မှ တစ်နိုင်တစ်ပိုင် မီးသွေးဖိုလုပ်ကိုင်နေသူများထံမှ မီးသွေးမှာယူရောင်းချနေရသည်ဟု မီးသွေးရောင်းချသူတစ်ဦး က ပြောသည်။
၎င်းက “အခုက မီးသွေးကို လူတိုင်းလိုလို သုံးလာကြတယ်။ အစက မီးသွေးဖိုလုပ်ကိုင်နေသူတွေနဲ့ တိုက်ရိုက် ချိတ်တယ်။ ဖောက်သည်ယူတော့ ဝယ်ရတာ ဈေးအဆင်ပြေတယ်၊ ရောင်းရတာလဲ ပြေတယ်။ အခုကြတော့ ဟိုနည်းနည်း ဒီနည်းနည်း လိုက်ဝယ်နေရတယ်။ ဆီဖိုးနဲ့ ပြန်တွက်ရင် ဘယ်လိုပြန်ရောင်းရမလဲတောင် မသိတော့ ဘူး” ဟု ပြောသည်။
အလားတူ ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီစသည့်မြို့နယ် များတွင်လည်း မီးသွေးများ လိုက်လံဝယ်ယူရန် အခက်ခဲဖြစ်နေပြီး မီးသွေးဈေးလည်း အဆမတန်မြင့်တက်လာ နေသည်ဟု ဒေသခံများက ပြောသည်။



















