Home သတင်း ဖယ်ခုံအနောက်ခြမ်းသို့ စစ်ကောင်စီက ဗုံံးအလုံးရေ ၄၀ ထက်မနည်းကြဲချ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

ဖယ်ခုံအနောက်ခြမ်းသို့ စစ်ကောင်စီက ဗုံံးအလုံးရေ ၄၀ ထက်မနည်းကြဲချ ၁ ဦးသေဆုံး ၃ ဦးဒဏ်ရာရ

634
Photo: ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ (ပုံဟောင်း)

ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်း-ကရင်နီ (ကယား) နယ်စပ်၊ ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း ရီနွဲကျေးရွာအုပ်စု၊ ဆိုင်ခွန်ရွာအနီးသို့ ယနေ့ (ဒီဇင်ဘာ ၃) မနက်အစောပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးအလုံးရေ ၄၀ နီးပါး ကြဲချတိုက်ခိုက်ခြင်းကြောင့် အမျိုးသား တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကနဦးသိရသည်။

ယနေ့ မနက် ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်လုပ်ဆောင်ခဲ့ရာ Y-12 အမျိုး အစာ လေယာဥ်ဖြင့် ဗုံးအလုံးရေ ၃၀ လုံးခန့်၊ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးအရေအတွက် ၁၀ လုံးခန့်ကို ဆိုင်ခွန် ရွာအနီးသို့ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တချို့က ပြောသည်။

ထို့ကြောင့် ရွာအနီးရှိ နွားကျောင်းသား တစ်ဦး သေဆုံးခဲ့ရပြီး အချက်အလက်စုံစမ်းဆဲ လူပုဂ္ဂိုလ် ၃ ဦးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ယခုလို ပြောသည်။

“စုစုပေါင်းသေတာ တစ်ယောက် ဒဏ်ရာရတာ ၃ ယောက်ဗျ။ သေတဲ့သူက အရပ်သား နွားကျောင်းသားပါ” ဟု ၎င်း အမျိုးသားက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ရသည့် အကြောင်းအရင်းနှင့် ဖြစ်စဥ်အသေးစိတ်ကို မသိရှိရသေးသော်လည်း ယခင်က ထိုရွာနားတဝိုက်ကို ယခုလိုလေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ဖူးသည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC မှ ဦးဗညားခွန်အောင်က ဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ကရင်နီပြည်နှင့် ဆက်စပ်လျက်ရှိသည့် ဖယ်ခုံမြို့နယ်တစ်ခုလုံးနီးပါး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို လက်ရှိအချိန်ထိလုပ်ဆောင်နေခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်ဖြစ်ပေါ်နေသည်ဟု ဖယ်ခုံမြို့နယ်အတွင်းရှိ သတင်းအရင်းအမြစ်များ ထံမှ သိရသည်။

အလားတူ ယခုနှစ် ဧပြီလတွင် ဆိုင်ဖွန်ရွာသို့ စစ်ကောင်စီက လေကြောင်းမှ ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ ဦး သေဆုံးခဲ့ရပြီး နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားသည်ဟု အရပ်ဖက် ကရင်နီလူငယ်အဖွဲ့များက ပြောသည်။

နိုဝင်ဘာလအတွင်း ဖယ်ခုံနှင့် ပင်လောင်းမြို့နယ်တို့၌ စစ်တပ်အင်အားတိုး၊ စစ်ကြောင်းထိုးမှုများပြားလာပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သလို စစ်ကြောင်းဝင်လာသည့် စစ်ကောင်စီက ပြည်သူလူထုကို ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်နေသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၏ ထုတ်ပြန်ချက်အရ သိရသည်။