ဒီဇင်ဘာ ၃၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၊ ဖားအံမြို့နယ် တကောင်ဘိုး ကျေးရွာအုပ်စု စိမ့်ချောင်းရွာ၌ ရေဘေးဒုက္ခသည်များ ယနေ့အချိန်ထိ ရွာသို့ ပြန်နေမရ ဖြစ်နေသည်ဟု ဒေသတာဝန်ရှိသူများက ပြောသည်။
အဆိုပါ တကောင်ဘိုးကျေးရွာအုပ်စု၊ စိမ့်ချောင်းရွာ၌ ပြီးခဲ့သည့် ဩဂုတ်လ (ဝါခေါင်လ)အတွင်းက ရေကြီးမှုဖြစ်ပေါ်ခဲ့မှုကြောင့် မြစ်ကမ်းပြိုကျခြင်း၊ နေအိမ်များ ရေမြှုပ်ပျက်စီးခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာသို့ ပြန်နေရန် ခက်ခဲသည့်အတွက် ယခုထိ နေရပ်မပြန်နိုင် ဖြစ်နေသည်ဟု စိမ့်ချောင်းကျေးရွာ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ ပြီးခဲ့တဲ့ဝါခေါင်လ ကတည်းက ရေကြီးပြီးပြောင်းတာ အဲမှာအိမ်တွေက ၃ လုံး လောက် ရေထဲပါသွားတယ်။ တချို့ကတော့ ကမ်းနဲ့နီးတော့ နေလို့မရဲတဲ့ အိမ်တွေရှိတယ်။ တချို့အိမ်တွေက သွားပြန်ဖြိုလိုက်ရတာတို့ ရှိတယ်။ ပြောင်းရွေ့ရတာက အိမ်ခြေ ၅၀ လောက်ရှိတယ်” ဟု ၎င်းက ပြောသည်။

ရေဘေးဒုက္ခသည်များကို စိမ့်ချောင်းကျေးရွာစာသင်ကျောင်း၌ ကျောင်းခန်းတစ်ခန်းလျှင် အိမ်ထောင်စု ၄ စု လက်ရှိအချိန်ထိ စုပေါင်း နေထိုင်ရပြီး စာသင်ကြားမှုများကို ကုန်းတန်းကြီးရွာလမ်းမကြီး ဘက်သို့ရွှေ့ပြောင်း သင်ကြားပေးလျက်ရှိကြောင်း နေအိမ်အသစ်များဆောက်လုပ်ပေးနိုင်ရန် မြေနေရာအခက်အခဲရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“အရင်နှစ်က အဲဒီလိုမရှိဘူး။ ဒီနှစ်က ရေအရမ်းကြီးတော့ ဖြစ်သွားတာ။ ဒီနှစ်က ကမ်းပြိုတာ အရမ်းဆိုးတယ်။ အိမ်ထောင်စုနည်းရင် ကျနော်တို့က ကြည့်ပြီးစီစဉ်ပေးလို့ရတယ်။ အခုက အိမ်ထောင်စုများတော့ ကျနော်တို့လည်း သူတို့နေရာအတွက် စီစဉ်ပေးလို့မရဘူး။ အဲဒါ ခရိုင်ကို တင်ပြတာရှိတယ်။ ခရိုင်ဘက် ညွှန်ကြားမှ ဆက်လုပ်ပေး ရမှာပေါ့။ ဒါပေမယ့် တစ်ရွာလုံးပြောင်းရမယ့်သဘော တချို့နေရာတွေက ဆက်နေဖို့က အဆင်မပြေလောက်ဘူး နောက်နှစ်အတွက်” ဟု စိမ့်ချောင်းရွာ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ (၁)နယ်မြေအတွင်း နယ်မြေခံ တော်လှန်ရေး အင်အား စုများနှင့် စစ်ကောင်စီ၊ BGF တို့အကြား တိုက်ပွဲ ပုံမှန် ဖြစ်ပွားလေ့ရှိပြီး လက်ရှိအချိန်တွင် နှစ်ဖက်တင်း မာမှုဖြစ်ပေါ်နေသလို စစ်ရေးအရှိန်မြင့်တက်လာနိုင်သည့်အတွက် ဒေသခံများ အနေဖြင့် ရေဘေးဒုက္ခအပြင် စစ်ဘေးဒုက္ခကိုပါ ကြုံတွေ့နေရသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များ၏ ပြောဆိုမှုအရ သိရသည်။



















