Home သတင်း ပန်းရောင်ကဒ် နှင့် CI တစ်ပါတည်း ပူးတွဲထုတ်ပေးနိုင်ရန် စီစဉ်သွားမည်ဟု မြန်မာသံရုံးပြော

ပန်းရောင်ကဒ် နှင့် CI တစ်ပါတည်း ပူးတွဲထုတ်ပေးနိုင်ရန် စီစဉ်သွားမည်ဟု မြန်မာသံရုံးပြော

940
Photo: Myanmar Embassy Bangkok

ဒီဇင်ဘာ ၆၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ရောက်ရှိလာပြီး အထောက်အထားမရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များကို ပန်းရောင်ကဒ် စီစဉ်ဆောင်ရွက်ပေးမှု လုပ်ငန်းစဉ်တွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI)ကို ယခင်အတိုင်း တစ်ပါတည်း ပူးတွဲထုတ်ပေးနိုင်ရန် စီစဉ်ပေးသွားမည်ဟု ဘန်ကောက်အခြေစိုက် မြန်မာ သံရုံးက ဒီဇင်ဘာ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်လာသူ နိုင်ငံခြားသား အလုပ်သမားများကို ထိုင်းနိုင်ငံဘက်ကပန်း ရောင်ကဒ်ထုတ်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြီးခဲ့သည့် ဇွန်လကတည်းက ကြေ ညာထားခဲ့ပြီး ၎င်း နှင့်အတူ ပူးတွဲ လုပ် ဆောင်သွားရမည့် မြန်မာဘက်ခြမ်းက စီစဉ်ဆောင်ရွက်ပေးသည့် CI စာအုပ်များပါ လုပ်ဆောင်ပေးသွားမည်ကို ဆိုလိုခြင်းဖြစ်သည်။

အဆိုပါ ပန်းရောင်ကဒ်ကို ယခုဒီဇင်ဘာလယ်မှစ၍ အမည်စာရင်းတင်သွင်းနိုင်မည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လာသော်လည်း ရက်စွဲအတိအကျ အတည်ပြု ထုတ်ပြန်လာခြင်းမရှိသေးသလို ပန်းရောင်ကဒ် ပြုလုပ် မည့်သူ မြန်မာအလုပ်သမား သိန်းချီ ရှိနေနိုင်ပြီး အလုပ်သမား အကျိုးဆောင်များကလည်း ပုံစံမျိုးစုံဖြင့် စျေးနှုန်း သတ်မှတ် ခေါ်ယူနေမှုများရှိသည်။

ထို့အပြင် အလုပ်သမားအေဂျင်စီများကလည်း အလုပ်သမားအထောက်အထားလက်မှတ်များ ကိုင်ဆောင်ထား သူများကို အလုပ်လုပ်ကိုင်ခွင့်(Work Permit) သက်တမ်းတိုးရာတွင် ကောက်ခံသွားမည့် စျေးနှုန်းများကို ဖော်ပြ ရာတွင် သံရုံကို ပေးဆောင်ရမည့် အမည်စာရင်းတင်သွင်းကြေး ဘတ် ၁,၈၀၀ ကို ကောက်ခံခြင်း မရှိကြောင်း မြန်မာသံရုံး၏ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံ၏သက်ဆိုင်ရာ ဌာနများ၏ လမ်းညွန်ချက်များ အတိုင်း ဆက်လက် လုပ်ဆောင်ရန် တိုက်တွန်းထားသလို သက်တမ်းကုန်ခါနီး CI စာအုပ်များကိုလည်း အသစ် ပြုလုပ်ပေးခြင်း စတင်ရန် ထိုင်းအလုပ်သမားဦးစီးဌာနနှင့် ညှိနှိုင်းထားရှိပြီးဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

အဆိုပါ ပန်းရောင်ကဒ်များကို လုပ်ကိုင်ရသည့် အဆင့်များတွင် အလုပ်အကိုင် ရှာဖွေရေးဦးစီးဌာနတွင် အမည် စာရင်း (Name list) တင်ရခြင်း ၊ ရက် (၆၀) အတွင်း အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (work permit) လျှောက် ထားရမည်ဖြစ်ပြီး လုပ်သားအမည်စာရင်း နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် အတွက် ၁,၀၀၀ ဘတ် ပေး ဆောင်ရကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့မှ တရားမဝင် ဝင်ရောက် လာသူများကို ဒီဇင်ဘာလ တစ်လလုံး အထောက်အထားမလိုဘဲ နိုင်ငံအတွင်း နေထိုင်ခွင့်ပြုမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာ ၂၇ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ဖယ်ထောင်ထန် ရှင်နာဝပ်နှင့် ပြည်ထဲရေး ဝန်ကြီးဌာန၊ ဝန်ကြီး အနုထင် ချန်ဝီလကွန်တို့က လက်မှတ်ထိုး ထုတ်ပြန်ထားကြောင်း တွေ့ရသည်။