Home သတင်း ဒီဇင်ဘာ ပိတ်ရက်များအတွက် ဖားအံမြို့ရှိဟိုတယ်များစု အခန်းပြည့်နေ

ဒီဇင်ဘာ ပိတ်ရက်များအတွက် ဖားအံမြို့ရှိဟိုတယ်များစု အခန်းပြည့်နေ

908

ဒီဇင်ဘာ ၁၂၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

လာမည့် ဒီဇင်ဘာ ရက်ရှည်ပိတ်ရက်ကာလများတွင် ကရင်ပြည်နယ်၊ ဖားအံမြို့သို့ လာရောက်လည်ပတ်ရန် ဟိုတယ်ခန်းများ ကြိုတင်ဘိုကင်မှာယူမှုများပြီး ဟိုတယ်အများစု အခန်းပြည့်နေသည်ဟု ဝန်ထမ်းများက ပြောသည်။

ဖားအံမြို့သို့ လာရောက်လည်ပတ်မည့် သူများသည် မိမိတို့တည်းခိုလိုသည့် ဟိုတယ်များတွင် အခန်းမရမည်စိုး၍ တစ်လခန့် ကြိုတင်ဘိုကင်မှာယူထားသူများလည်း ရှိသည်ဟု ဖားအံမြို့ပေါ်ရှိ အမည်မဖော်လိုသူ ဟိုတယ်ဝန် ထမ်းတစ်ဦးက ယခုလိုပြောသည်။

“အဓိက ခရစ္စမတ်နဲ့ New year (နှစ်သစ်ကူး) ရက်မှာ ဘိုကင်ယူထား ကြတာများတယ်။ ကျနော်တို့လုပ်တဲ့ ဟိုတယ်မှာဆို မြို့ထဲလဲဖြစ်တယ်၊ ဟိုတယ်အသစ်လဲဖြစ်တော့ ဘိုကင်အပြည့်ဘဲ အဲဒီရက်ပိုင်းက တစ်ခြားဟိုတယ် တော်တော်များများလည်း ဘိုကင်ပြည့်နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့နယ်ထဲတွင် သဘာဝတောင်များရှိကာ ခရီးသွားလည်ပတ်စရာနေရာ အများအပြား ရှိသလို ရန်ကုန်မြို့နှင့် ၆နာရီခန့်သာ အချိန်ကြာပြီး အလွယ်တကူ လာရောက်နိုင်သည့်အတွက် ခရီးသွားများ နှစ်စဉ်တိုးလာသည်ဟု ဒေသခံထံမှသိရသည်။

ဖားအံမြို့နယ်အတွင်းရှိ ခရီးသွားဒေသများဖြစ်သည့် ဇွဲကပင်၊ ကျောက်ကလပ်၊ ဆန္ဒဂူ၊ ကော့ကသောင်၊ တောင်ဝိုင်း၊ လွန်းညရေပြာအိုင်၊ ကော့ဂွန်း၊ ရသေ့ပျံ၊ ဘုရင့်ညီဂူအပြင် လှိုင်းဘွဲမြို့နယ်ထဲတွင် ရှိသည့် ကျုံထော်ရေတံခွန် စသည့် နေရာများသို့ ခရီးသွားများ လာရောက်လည်ပတ်မှုများသည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်ထဲတွင် ဟိုတယ်နှင့်တည်းခိုခန်း စုစုပေါင်း ၆၀ ကျော် ရှိကာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်း ပြီးစနှစ်တွင် ဟိုတယ်၊ တည်းခိုခန်းများသို့ လာရောက် တည်းခိုသည့် ခရီးသွား ၃၀,၀၀၀ ဦး ကျော်ရှိရာမှ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ခရီးသွား ၁၃၀,၀၀၀ ဦးကျော်တိုးလာခဲ့သည်ဟု စစ်ကောင်စီ၏ ဟိုတယ်နှင့် ခရီးသွားဌာနမှ သိရ သည်။

ထို့အပြင် ဟိုတယ်နှင့် တည်းခိုရိပ်သာများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ဝင်ငွေရရှိမှု ငွေကျပ်သိန်း ၆,၂၈၃ သိန်းကျော် ရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ၉ လတာကာလတွင် ငွေကျပ်သိန်းပေါင်း ၂၅,၅၇၇ သိန်းကျော် ရှိလာခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ဝင်ရောက်မှု ပိုမိုများလာကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်းရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ ဖာပွန်နှင့် သံတောင်ကြီးမြို့နယ်များတွင် စစ်ကောင်စီနှင့် နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့ကြား ပစ်ခတ်မှု မကြာခဏ ဖြစ်ပွားကာ နယ်မြေမငြိမ်းချမ်း သေးသည့်အတွက် ခရီးသွားလည်ပတ်မှုနည်းပြီး ဖားအံနှင့် လှိုင်းဘွဲမြို့နယ်သို့သာ ခရီးသွားများ လာရောက် လည်ပတ်လေ့ရှိကြောင်း သိရသည်။

ထို့အပြင် ပြီးခဲ့သည့် သီတင်းကျွတ် ရုံးပိတ်ရက်အတွင်းက ဖားအံမြို့သို့ ခရီးသွားများ လာရောက်လည်ပတ်မှုများပြီး အလားတူ ဟိုတယ်နှင့် တည်းခိုခန်းများ၌ တည်းခိုသူပြည့်ခဲ့သည်ဟု ဟိုတယ်ဝန်ထမ်းများနှင့် ဒေသခံများ ထံမှ သိရသည်။