ဒီဇင်ဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
မြန်မာရေပိုင်နက်အတွင်း ပစ်ခတ်ဖမ်းဆီးခြင်းခံရသည့် ထိုင်းငါးဖမ်းသမား ၄ ဦးကို မြန်မာတရားရုံးက ထောင်ဒဏ် ၆ နှစ်အထိချမှတ်လိုက်ကြောင်း ထိုင်းသတင်းဌာန Prachatai က ယနေ့ ရေးသားဖော်ပြခဲ့သည်။
ကော့သောင်းမြို့နယ် တရားရုံးက မြန်မာ့ရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ငါးဖမ်းခြင်းအတွက် ထောင်ဒဏ် ၄ နှစ်မှ ၆ နှစ်အထိ မြန်မာတရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းအချို့က ဖော်ပြထားသည်။
ငါးဖမ်းလှေပိုင်ရှင်အား ထောင်ဒဏ် ၆ နှစ် နှင့် ဒဏ်ငွေ ၂၀၀,၀၀၀ ကျပ် (၃,၂၄၃ ဘတ်) ချမှတ်ခဲ့ပြီး အခြားသင်္ဘောသား သုံးဦးကိုလည်း ခွင့်ပြုချက်မရှိဘဲ မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းမှုဖြင့် ထောင်ဒဏ် ၃ နှစ်စီအထိချမှတ်ခဲ့သည်ဟု ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။ ထို့အပြင် ၎င်းတို့အား နိုင်ငံတွင်းသို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်မှုဖြင့် ထောင်ဒဏ် ၁ နှစ်စီ နှင့် ဒဏ်ငွေ ၃၀,၀၀၀ ကျပ် (၄၈၆ ဘတ်) စီ ထပ်ပေါင်း ချမှတ်ခဲ့သည်ဟု ထိုသတင်းဌာနက ရေးသားဖော်ပြထားသည်။
အဆိုပါ ဖြစ်ရပ်သည် ပုံမှန်တရားရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး ယခုလို ကိစ္စမျိုးမှာ ပုံမှန်အားဖြင့် လွတ်ငြိမ်းချမ်းသာခွင့်ပေးရမည်ဖြစ်ကြောင်း၊ ထိုင်းအာဏာပိုင်များသည် မြန်မာနှင့် ညှိနှိုင်းထားပြီးဖြစ်သည်ဟု ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ပြောဆိုသည်။ ၎င်းငါးဖမ်းသမား ၄ ဦးအား လာမည့် နှစ်အစောပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့် ရရှိမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးချုပ်ထပ်မံ အတည်ပြုပြောကြားခဲ့သည်ဟု Prachatai သတင်းဌာနက ရေးသားထားသည်။
ထို ငါးဖမ်းသမား ၄ ဦးကို ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ ပြန်လွှတ်ပေးမည်ဟု ထိုင်းအစိုးရက သတင်းထုတ်ပြန်ခဲ့သေးသည်။ သို့သော် မြန်မာအာဏာပိုင်များမှ တရားဝင်အမိန့်မရရှိသည့်အတွက်ဟုဆိုကာ တရားဥပဒေအရ အရေးယူမှုများပြီးမြောက်ရန် လိုအပ်နေသောကြောင့် လွှတ်ပေးရန် နှောင့်နှေးနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၃၀ ရက်နေ့က ထိုင်းငါးဖမ်းလှေ ၃ စီးကို မြန်မာရေတပ်မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ တစ်စီးကို ဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ပစ်ခတ်မှုတွင် သင်္ဘောသားတစ်ဦးသည် ပင်လယ်ထဲသို့ ခုန်ချ၍ သေဆုံးခဲ့ပြီး နှစ် ဦးဒဏ်ရာရကာ ၃၁ ဦးကို မြန်မာရေတပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုအထဲတွင် ထိုင်းနိုင်ငံသား ၄ ဦးပါဝင်ခြင်းလည်း ဖြစ်သည်။
ထိုဖြစ်စဉ်ကို မြန်မာနိုင်ငံ ဇေဒက်ကြီးကျွန်းနှင့် ဆန့်ကျင်ဘက် ထိုင်းနိုင်ငံ ကိုဖယမ်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကျွန်းနှစ်ကျွန်းကြား အကွာအဝေးသည် ရေမိုင် ၁၈ မိုင် ရှိနေပြီး နိုင်ငံတစ်နိုင်ငံ၏ ရေပိုင်နက်သည် ပင်လယ်မှ ရေမိုင် ၁၂ မိုင်အထိ ကျယ်ဝန်းသည်ဟု ပြဋ္ဌာန်းထားသည့် နိုင်ငံတကာဥပဒေတွင် ကျင့်သုံးရန်အတွက် ခက်ခဲစေသည်ဟု ထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။



















