Home သတင်း စစ်ကောင်စီက အဆိပ်ငွေ့ပြားများ အသုံးပြုတိုက်ခိုက်လာကြောင်း KNDF ထုတ်ပြန်

စစ်ကောင်စီက အဆိပ်ငွေ့ပြားများ အသုံးပြုတိုက်ခိုက်လာကြောင်း KNDF ထုတ်ပြန်

908
Photo: KNDF

ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်၊ ကေအိုင်စီ

ကရင်နီနှင့် သျှမ်း(ရှမ်း)ပြည်နယ် နယ်စပ်‌နေရာများတွင် စစ်ကောင်စီဘက်က ဒရုန်းများဖြင့် ဗုံးကြဲ တိုက်ခိုက်ရာတွင် အဆိပ်ငွေ့ပြားများကို အသုံးပြု၍ တိုက်ခိုက်လာ‌ကြောင်း ကရင်နီအမျိုးသား ကာကွယ်ရေးတပ်-KNDF က ယနေ့ သတင်းထုတ်ပြန်လာသည်။

မိုးဗြဲမြို့ပြင်တွင် အခြေစိုက်တပ်စွဲနေသည့်စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၄၂၂)တပ်သည် မိုးဗြဲမြို့ နှင့် ပတ်၀န်းကျင်ကို ယခုလ ၇ ရက်နှင့် ၈ ရက်နေ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ရာတွင် S-PHOS 560 တံဆိပ်ပါ အဆိပ်ငွေ့ပြား များကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း KNDF က ပြောသည်။

အဆိုပါ အဆိပ်ငွေ့ပြားကို အသုံးပြု တိုက်ခိုက်ခြင်း‌ကြောင့် ဗုံးသီးကျရောက်ပေါက်ကွဲရာ အနီး၀န်းကျင် နေရာများတွင် ရှူရှိက်မိသည့် KNDF တပ်ဖွဲ့၀င်များအနေဖြင့် မူး‌‌ဝေခြင်း၊ အော့ အန်ခြင်း၊ အိပ်ငိုက်ခြင်း၊ ထုံထိုင်း အားပြတ်လပ်ခြင်းများဖြစ်ပေါ်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ြပထားသည်။

KNDF ထုတ်ပြန်ချက်တွင် စစ်ကောင်စီဘက်က အသုံးပြုထားသည့် အဆိုပါ S-PHOS 560 တံဆိပ်ပါ အဆိပ်ငွေ့ပြားအခွံများကိုပါ ဖော်ြပထားသည်။ ရုပ်ပုံများအရ ၎င်းဆေးပြားများ သည်စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုးမွှားများကို တားဆီးရန်နှင့် သတ်ဖြတ်ရာတွင် အသုံးပြုသည့် (Aluminum phosphide) ဓါတုအမျိုးအစားပါသည့် ဆေးပြားများဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Photo: KNDF

ထိုအခြေအနေကြောင့် ဒေသခံများအနေဖြင့် ဒရုန်းများ ၀ဲပျံခြင်း၊ တိုက်ခိုက်ခံရသည့် နေရာအနီး ၀န်းကျင်များသို့ သွားရောက်စူးစမ်းခြင်းများ မပြုလုပ်ရန် သတိပေးထားပြီး လုံခြုံသော နေရာများတွင် ပုန်းခိုရှောင်ရှားကြရန်ပါ KNDF က အသိပေးထားသည်။

လတ်တလောတွင်လည်း ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းမကြီးပေါ်တွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဒရုန်းဖြင့် အားပြုတိုက်ခိုက်လာသလို အဆိပ်ငွေ့များပါ အသုံးပြု လာြခင်းကြောင့် ဒေသခံ ပြည်သူများအနေဖြင့် အထူးသတိပြုကြရန်လည်း သတင်းထုတ်ပြန်တိုက်တွန်း ထားသည်။

၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ နှင့် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ဓါတုဗုံးများ အသုံးပြု တိုက်ခိုက်မှုများ ရှိခဲ့‌ကြောင်း တော်လှန်ရေး အင်အားစုများဘက်က ထုတ်ပြန်ပြောဆိုမှုများ ရှိသော်လည်း ဓါတုဗုံးဖြစ်မှန်‌ကြောင်း သီးခြားအတည်ပြုမှုများ မတွေ့ရပေ။

ပြီးခဲ့သည့် နှစ်အတွင်းက စစ်ကောင်စီဘက်က ဓါတုဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့‌ကြောင်း ‌မြောက်ပိုင်း ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ခဲ့သေးသည်။ ယခုနှစ် ဧပြီလကလည်း ကော့ကရိတ်မြို့ တိုက်ပွဲတွင် ဓါတု အဆိပ်ဗုံး များ အသုံးပြုတိုက်ခိုက်မှုများရှိကြောင်း ကရင်အမျိုးသားလွတ်‌မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့၀င်များက ထုတ်ပြန်ထားမှုရှိသည်။