ဒီဇင်ဘာလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းနှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ် (တပခ) အား ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၂ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု Brave Warriors for Myanmar-BWM က ပြောသည်။
အဆိုပါ စစ်ဆင်ရေးနှစ်ခုကို ဒီဇင်ဘာလ ၁၁ ရက်နေ့ည ၁၁ နာရီ အချိန်တွင် တပြိုင်တည်း တိုက်ခိုက်မှုပြု လုပ်ခဲ့ရာ (၁၀၇) မမ ရှော့တိုက်ဒုံး (၉)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု BWM က ပြောသည်။ ၎င်းပစ်ခတ်မှုတွင် အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့သည့် ရှော့တိုက်ဒုံး (၅)လုံးမှာ တောင်ငူလေတပ်စခန်း၏ အရာရှိလိုင်းခန်း၊ ဘားတိုက် (၁) ခုနှင့် ကားတစ်စီး ပျက်စီးခဲ့ပြီး တောင်ပိုင်းစစ်ဌာနချုပ်၏ ပျက်စီးမှုကိုမူ ဆက်လက်စုံစမ်းနေသည်ဟု ဆိုသည်။
BWM အဖွဲ့၏တာဝန်ရှိသူတစ်ဦးက “ပစ်ခတ်မှုဖြစ်ပြီး မိနစ် ၅၀ အကြာမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ သုံးလုံး ရမ်းသမ်းပြီးပြန်ပစ်ပါတယ်။ ရဲဘော်တွေအားလုံး အထိအခိုက်မရှိ ဘေးကင်းလုံခြုံစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ အခုလို လုပ်ဆောင်နိုင်ခဲ့မှုအပေါ် အဘက်ဘက်က ပူးပေါင်းပါဝင်ပေးကြတဲ့ မဟာမိတ် အဖွဲ့ဝင်များအားလုံး တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်တယ်” ဟု ပြောသည်။
တော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်နေသည့် စစ်ကောင်စီ၏ လေတပ် ကိုနှိမ်နင်းရန် မစ်ရှင်တစ်ခုအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း BWM က အသိပေး ထုတ်ပြန်သည်။
“ နောက်ထပ်မစ်ရှင်တွေအတွက် ပိုမိုထိရောက်အောင် ပြင်ဆင်ရင်းနဲ့ တော်လှန်ရေး အရွေ့ဖြစ်အောင် ရှေ့ဆက်နေတာမို့ ကျနော်တို့ BWM နှင့် မဟာမိတ် အဖွဲ့တွေ ရှေ့ဆက် ပိုမိုကြိုးစားသွားမှာ ဖြစ်ကြောင်း” ဟု ၎င်းအဖွဲ့တာဝန်ရှိသူက ဖြည့်စွက်ပြောသည်။
ထိုစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် Mountain Knight Civilian Defense Forces (MKCDF) ၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့ တို့ပူးပေါင်း၍ တိုင်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း BWM က ထုတ်ပြန်ထားသည်။
BWM အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီ၏တောင်ငူလေတပ်စခန်းအပါအဝင် ဌာနချုပ်အချို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုအကြိမ်ကြိမ်ရှိခဲ့သလို ယမန်နေ့ စစ်ဆင်ရေးမှာလည်း (၂၆) ကြိမ်မြောက် ပြုလုပ်သည့် စစ်ဆင်ရေးဖြစ်ကြောင်း သိရသည်။



















