ဒီဇင်ဘာလ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။
ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူးသယ်လမ်းရှိ စစ်ကောင်စီ၏ တပ်စခန်းကို ဒီဇင်ဘာလ (၆)ရက်နေ့က ကရင်အမျိုးသား ကာကွယ်ရေးတပ်-KNDO ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဗိုလ်ကြီးအဆင့်အပါအဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ ကျောက်ကြီးမြို့နယ် ပြောရေးဆို ခွင့်ရှိသူ ပဒိုစောဝါးမူက ပြောသည်။
ကျောက်ကြီးမြို့နယ် အခြေစိုက် ချောမီလူ (တောကြက်ကုန်း) စခန်းမှ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၃၀)မှ တပ်သားများက စခန်းအပြင်သို့ထွက်ခွာလာပြီး အောက်ဘက်သို့ဆင်းလာချိန်တွင် KNDO တပ်ရင်း (၃)မှ ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြာင်း ပဒိုစောဝါးမူက ယခုလို ပြောသည်။
“မနက်ပိုင်း (၈) နာရီခွဲဝန်းကျင်လောက်မှာ စစ်ကောင်စီရဲ့ ချောမီလူ က စခန်းထဲအပြင် ထွက်ရင်း ပစ်ခတ်တာပါ။ စစ်ကောင်စီတွေ အပြင် ထွက်လှုပ်ရှားလာတဲ့အပေါ်မှာ ဝင်ရောက်တိုက်ခိုက်တာ ဖြစ်တယ်” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။
အဆိုပါ တိုက်ခိုက်မှုတွင် KNDO တပ်ရင်း (၃)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ပါဝင်သော တပ်ဖွဲ့က တပ်စွဲထားသည့် စစ်ကောင်စီ၏တပ်စခန်းအား တိုက်ခိုက်ရာ ဗိုလ်ကြီးအပါအဝင် တပ်ဖွဲ့ဝင် (၃) ဦးသေဆုံးပြီး လက်နက် (၂) လက်လည်း သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောသည်။
ထို့အပြင် စစ်ကောင်စီ၏ လက်နက်ကြီးတိုက်ခိုက်မှုဒဏ်အများဆုံးခံနေရသည့် ညောင်လေးပင်ခရိုင်တွင် ပြီးခဲ့သည့် အောက်တိုဘာလပိုင်းမှစကာ တိုက်ပွဲများ တကျော့ပြန်ပြင်းထန်လာလျက်ရှိသလို အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားပြီး မကြာခဏ လက်နက်ကြီးများ ပစ်ခတ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ စစ်ကောင်စီစစ်ကြောင်းထိုးဝင်ရောက်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူများကိုပါ ထိခိုက်ဒဏ်ရာရှိသလို ထိခိုက်သေဆုံးခဲ့ရသူများလည်း ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။



















