ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
သဘာဝဂေဟစနစ်နှင့် ဌာနေလူမျိုးစုတို၏ရိုးရာယဥ်ကျေးမှုကို ကာကွယ်မည့် ဧကပေါင်း တစ်သန်းကျော်ရှိ သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ် တရားဝင်ဖွင့်လှစ်ကြေညာခြင်းအခမ်းအနားကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၂)ထိန်းချုပ်နယ်မြေ၊ တောအူး(တောင်ငူ)ခရိုင်၊ ထောတထူ(ထန်းတပင်)မြို့နယ်၊ ကော်မူထီးရှီး၊ မိုနေပွာနယ်မြေတွင် ဒီဇင်ဘာလ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
တောအူးခရိုင်အတွင်း ၅,၇၅၄ စတုရန်းကီလိုမီတာ(၁,၄၂၁,၉၆၇)ဧက ကျယ်ဝန်းပြီး ကညောဝါး၊ ဂေဘား၊ မိုနေပွာ၊ ဘွဲ၊ ပကူး အစရှိသည့် ဌာနေလူမျိုးစု လူဦးရေပေါင်း တစ်သိန်းကျော်နေထိုင်သော သောသီတောအူးဌာနေလူမျိုးစုများဥယျာဥ်အား ရိုးရာဓလေ့၊ ယဥ်ကျေးမှုနှင့်အသိပညာများ ကို ကာကွယ်ရေးနှင့် ပြန်လည်ရှင်သန်စေရေး တို့ပါဝင်သည့် ပင်မရည်ရွယ်ချက်(၄)ရပ်ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ယင်းတွင် ဌာနေလူမျိုးစုတို့၏ ဘိုးဘွားပိုင်နယ်မြေနှင့်သဘာဝရင်းမြစ်ဆိုင်ရာ အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးစနစ် အားကောင်းရေး၊ စုံလင်သည့်ဇီဝမျိုးကွဲနှင့်ယဥ်ကျေးမှုများကို ထိန်းသိမ်း၍ ဂေဟစနစ်ရှင်သန်လည်ပတ်ခြင်းဖြင့် ရရှိလာသောအကျိုးကျေးဇူးများအား လက်ရှိနှင့် အနာဂတ်မျိုးဆက်များ ခံစားနိုင်ခြင်း၊ ရေရှည်ဖွံ့ဖြိုးရေးအစီအစဥ်များအား ဌာနေလူမျိုးစုများကိုယ်တိုင် ရွေးချယ်ဆုံးဖြတ်နိုင်ရေး တို့လည်း ပါဝင်သည်။
သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ်ဖြစ်မြောက်ရေး တာဝန်ရှိပုဂ္ဂိုလ် ပဒိုစောသောတူထူးက “ကျနော်တို့ ခေတ်အဆက်ဆက်ခံစားခဲ့ရတဲ့ မတရားအုပ်ချုပ်တဲ့စနစ်ကိုပြောင်းလဲဖို့အပြင် ဝါးမျိုမှုနဲ့နယ်မြေချဲ့ထွင်မှုတွေကို ချုပ်ငြိမ်းစေချင်တယ်။ တန်းတူညီတူခွင့်နဲ့ အမှန်တရားတွေမရရှိခဲ့တဲ့ခေတ်တွေကို ကုန်ဆုံးစေချင်တယ် ဒါကလည်း ရည်ရွယ်ချက်တွေထဲကတစ်ခုပါဝင်ပါတယ်” ဟု ၎င်းက အခမ်းအနားတွင် ဆိုသည်။
ကေအဲန်ယူအဖွဲ့အစည်းမှကိုယ်စားလှယ်များ၊ ကရင်အရပ်ဖက်အဖွဲ့ အစည်းများနှင့်ဒေသခံခေါင်းဆောင်များ၊ ပညာရှင်များ ပါဝင်ထားသော သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ်ဖြစ်မြောက်ရေး ကော်မတီမှ ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၆ နှစ်တာကာလအတွင်း ဥယျာဥ်ဖြစ်မြောက်ရေးလုပ်ငန်းစဥ်များကို လုပ်ဆောင်လာခဲ့ကြပြီး ယခု ဒီဇင်ဘာလတွင် တရားဝင်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ တရားဝင်ဖွင့်လှစ်ရာ၌ ဌာနေလူမျိုးစုပေါင်းစုံ ပါဝင်တက်ရောက်ကြခြင်းကြောင့် မိမိတို့ ကရင်လူမျိုးစုအချင်းချင်း တွေ့ဆုံကြရသလို နယ်မြေတိုးတက်ရေး ပူးပေါင်းလုပ်ဆောင်ကြရန် များစွာအကျိုးကျေးဇူးရှိကြောင်း အခမ်းအနားသို့တက်ရောက်လာသည့် မိုနေပွာလူမျိုးစုဝင် နောဝါးဝါးဖော က ပြောသည်။

“ဒီအစီအစဥ်က တနည်းအားဖြင့် ကျမတို့ကရင်လူမျိုးတွေကို စုစည်းတွေ့ဆုံစေတဲ့ပွဲဖြစ်သလို ပကူး၊ ဘွဲ၊ မိုနေပွာနဲ့အခြားလူမျိုးစုအားလုံးက ကရင်လူမျိုးပဲဖြစ်တယ်ဆိုတာ သိရှိစေတဲ့အစီအစဥ်လည်းဖြစ်တယ်။ ရှေ့ဆက်မှာလည်း ဒီလူမျိုးစုတွေအားလုံး နယ်မြေကြီးထဲမှာ ပူးပေါင်းအလုပ်လုပ်တဲ့အခါ လက်တွဲလုပ်ဆောင်ဖို့ဆိုတဲ့ အကျိုးကျေးဇူးရှိတယ်။” ဟု သူမက ပြောသည်။
သောသီတောအူး ဌာနေလူမျိုးစုများဥယျာဥ် တရားဝင်ဖွင့်လှစ်ကြေညာခြင်း အခမ်းအနား ပထမရက်တွင် အစီအစဥ်အရ ကရင်အမျိုးသားအလံတော်အား အလေးပြုခြင်း၊ KNU ၏ တောင်ငူခရိုင်ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသောခေါင်းဆောင်များမှ အမှာစကားပြောကြားခြင်း နှင့် ရိုးရာယဥ်ကျေးမှုတင်ဆက်ခြင်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူမှ ဥယျာဥ်၏ မျှော်မှန်းချက်၊ရည်မှန်းချက်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ဆက်လက်၍ ကျန်ရှိရက်များတွင်လည်း ကော်သူးလေအတွင်း လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသည့်ခေါင်းဆောင်များ၊ တာဝန်ရှိသူများအား ဂုဏ်ပြုခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများ၊ သောသီတောအူးဌာနေ လူမျိုးစုများဥယျာဥ်၏ အဓိကမှတ်တိုင်လေးခုအကြောင်း တင်ပြဆွေးနွေးခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။
သောသီတောအူး ဌာနေလူမျိုးစုများ ဥယျာဥ်ဖွင့်ပွဲသို့ တောအူးခရိုင်ဥက္ကဌ ပဒိုစောဒဲဖိုးအပါအဝင် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်ဝါး၊ ခရိုင်တရားသူကြီး စောဘလူထူးရှီး၊ ထောတထူမြို့နယ် အတွင်းရေးမှူး ပဒိုနော်စလဲ၊ ဒေါဖခို(သံတောင်ကြီး)မြို့နယ် အတွင်းရေးမှူး ပဒိုနော်စေးဖော၊ ကေအဲန်ယူတပ်မဟာ(၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောဂီနွီး၊ တပ်မဟာ(၂) ဗျူဟာမှူး ဗိုလ်မှူးကြီး စောပေါလူ၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ သဘာပတိ စောထိုကားရီတို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ရက်(KESAN)မှ တာဝန်ရှိသူများနှင့် လူမျိုးစုခေါင်းဆောင်များအပါအဝင် ဌာနေလူမျိုးစုများ လူဦးရေစုစုပေါင်း (၁,၅၀၀)ဝန်းကျင် တက်ရောက်ခဲ့ကြသည်။



















