Home Facts Checking News KNU က တပ်မဟာ(၁)နယ်မြေအတွင်း ယာမြေတစ်ဧကလျှင် ၁ နှစ်စာ ကျပ်ငွေသိန်းချီ ကောက်ခံနေဆိုသည့် သတင်းအမှား

KNU က တပ်မဟာ(၁)နယ်မြေအတွင်း ယာမြေတစ်ဧကလျှင် ၁ နှစ်စာ ကျပ်ငွေသိန်းချီ ကောက်ခံနေဆိုသည့် သတင်းအမှား

173

KNU က တပ်မဟာ(၁)နယ်မြေအတွင်း ယာမြေတစ်ဧကလျှင် ၁ နှစ်စာ ကျပ်ငွေသိန်းချီ ကောက်ခံနေဆိုသည့် သတင်းအမှား

ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁)၊ သထုံခရိုင် အုပ်ချုပ်မှုအောက်ရှိ ယာမြေများအား KNU က အခွန်ကောက်ခံရာတွင် တစ်ဧကအတွက် ၁ နှစ်စာ ငွေကျပ် သိန်းနှင့်ချီကောက်ခံနေကြောင်း စစ်တပ်ဝါဒဖြန့် လှုမှုကွန်ရက်စာမျက်များတွင် သတင်းဖြန့်ဝေလျက်ရှိသည်။

“ဆက်ကြေးဘုရင် KNU တို့ ယာမြေတစ်ဧက ၂ သိန်းနှုန်း အခွန်ကောက်ခံ” ဆိုသည့် ခေါင်းစဥ်ဖြင့် Subscriber ၁ သောင်း၄ ထောင်ကျော်ရှိသည့် Saw Ba Maung တယ်လီဂရမ်ချန်နယ်မှ ဒီဇင်ဘာလ (၁၆)ရက်နေ့တွင် တစ်ကြိမ်၊ (၁၈)ရက်နေ့တွင် ၎င်းနှင့်ဆက်စပ်သည့် ပို့စ်တစ်ကြိမ် စုစုပေါင်းနှစ် ကြိမ်တိုင်တိုင် တင်ထားပြီး ယင်းပို့စ်နှစ်ခုအား ကြည့်ရှုသူ ထောင်နှင့်ချီရှိသည်။

၎င်းတို့ကို အောက်ပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်သည်။

https://archive.ph/kWykg

https://archive.ph/Z5DZ9

ကရင်သတင်းဌာန-ကေအိုင်စီ၏ အချက်အလက်စစ်ဆေးသည့်အဖွဲ့မှ ယင်းသတင်းနှင့်ပတ်သက်၍ စိစစ်ချက်အရ သတင်းအမှားဖြစ်ကြောင်း သိရသည်။

သတင်းအမှားဖြစ်ကြောင်း စိစစ်ချက်

Saw Ba Maung တယ်လီဂရမ်ချန်နယ်၏ ဒီဇင်ဘာ(၁၆)ရက်နေ့က ရေးသားဖော်ပြချက်တွင် KNU ၏ အခွန်ကောက်ခံမှုသည် ယခင်က ယာမြေတစ်ဧကလျှင် ၁ နှစ်စာ ငွေကျပ် ၃ သောင်းကျော် သာပေးဆောင်ရသော်လည်း ယခု တစ်ဧက ၂ သိန်းကျပ်ပေးဆောင်ရကြောင်း တောင်ယာလုပ်ကိုင်သူက ဆိုထားသည်ဟု ပါရှိသည်။

ထိုသို့ပြောဆိုမှုအရ သထုံခရိုင်အတွင်းရှိ တောင်ယာလုပ်ကိုင်သည့် ဒေသခံများအား ကေအိုင်စီက မေးမြန်းစုံစမ်းရာ KNU အုပ်ချုပ်သည့် နယ်မြေ၊ ကျေးရွာများမှာ KNU သို့ မိမိတို့၏လယ်ဧကအလိုက် အခွန်ပေးဆောင်ရလေ့ရှိသော်လည်း နှစ်စဥ်အားဖြင့် တစ်ဧကလျှင် လယ်ခွန်၊ သီးနှံခွန်အတွက် ၂ သောင်းထက်မပိုသော ပမာဏကိုသာ ပေးဆောင်ရသည်ဟု ဆိုသည်။

သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်နေ ဒေသခံတစ်ဦးကလည်း “အရင်ကတည်းက KNU အုပ်ချုပ်မှုထဲမှာ ရှိတဲ့ခြံတိုင်း ပေးရတယ်။ အများကြီးတော့ မဟုတ်ပါဘူး။ တစ်ခြံကို တစ်နှစ်စာ ၂ သောင်းဝန်းကျင်ပေါ့ အဲ့လောက်ပဲ။ သိန်းချီတောင်းတာတော့ မကြားမိပါဘူး။ မူနဲ့တော့မဆိုင်ဘူးထင်တယ်၊ တောင်းတဲ့သူနဲ့ပဲဆိုင်မယ်။ ကျနော့်အနေနဲ့ပြောရရင်တော့ သိန်းချီတောင်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုမျှသာမက Saw Ba Maung က ဖော်ပြထားသည့် ဒီဇင်ဘာ ၁၈ ရက်နေ့က ပို့စ်တွင် ယခင်က KNU ၏ အခွန်ကောက်ခံမှုသည် လစဥ်တိုင်းဖြစ်သည်ဟု ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။

၎င်းနှင့်ပတ်သက်ပြီး သတင်းအချက်အလက်စစ်ဆေးမှု ပိုမိုခိုင်လုံစေရန် KNU သထုံခရိုင် တာဝန်ရှိ သူများထံသို့ ဆက်သွယ်မေးမြန်းရာ KNU အနေဖြင့် အခွန်ကောက်ခံမှုအား တစ်ဧကလျှင် အခွန်အဖြစ် စပါးတစ်တင်း (သို့) ၁၆ ပြည် (သို့) ၈ ပြည် စသဖြင့် အပိုင်း(၃)ပိုင်းခွဲခြား၍ နှစ်စဥ်သာကောက်ခံလေ့ရှိကြောင်း သိရသည်။

ခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က “၁ ဧကကို ပိုက်ဆံ ၂ သောင်းယူတယ်ပြောပေမဲ့ တော်လှန်ရေး တပ်ဖွဲ့က စပါးနဲ့ယူတာ။ စပါးနဲ့မပေးချင်ရင် ပိုက်ဆံနဲ့ပေးလို့ရတယ်။ ပိုက်ဆံပေးတဲ့သူက တစ်တင်းဆို ကာလပေါက်ဈေးနဲ့ ၂ သောင်းကျော်ပြီဆိုတော့ ၁ သောင်း ၅ထောင်ပဲ သတ်မှတ်ပေးတယ်။ ၈ ပြည်ပဲပေးရမယ့်သူဆိုရင် ပိုက်ဆံ ၇ ထောင်ကျော်လောက်ပေါ့။ ဒါကြောင့်တစ်ဧကကို ၂ သောင်းကျော် ယူတယ်ဆိုတာ သတင်းမှားဖြစ်သလို ကောက်တဲ့အပေါ်မှာလည်း ၁ လတစ်ခါမဟုတ်ဘဲ ၁နှစ်မှ တစ်ခါကောက်တာပါ။” ဟု ၎င်းက တုံ့ပြန်ပြောသည်။

ဒီဇင်ဘာ(၁၆)ရက်နေ့က သတင်းအမှားပို့စ်တွင် မည်သည့် ကေအဲန်ယူနယ်မြေဒေသအတွင်း သိန်းနှင့်ချီပြီး အခွန်အဆမတန်ကောက်ခံလျက်ရှိသည်ဟု ဖော်ပြထားခြင်းမရှိသေးသည့်အပြင် နယ်မြေအတွင်း တိုက်ပွဲများဖြစ်ပွားသည့်တိုင် ဆက်ကြေးကောက်ခံနေခြင်းဖြစ်သည်ဟု ရေးသားထားခြင်းဖြစ်သည်။

ထို့ကြောင့် KNU တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်နှင့် တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်ရှိ လယ်မြေ၊ ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်သူ ဒေသခံများထံ ကေအိုင်စီမှဆက်သွယ်မေးမြန်းခဲ့ရာတွင်လည်း KNU အနေဖြင့် ယင်းခရိုင်(၂)ခုရှိ လယ်မြေ၊ ဥယျာဥ်ခြံ တစ်ခြံလျှင် လယ်အခွန်၊ ခြံအခွန်အဖြစ် နှစ်စဥ် ကောက်ခံမှုမှာ ကျပ်ငွေ ထောင်ဂဏန်းသာရှိသလို ဒေသအခြေအနေပေါ်မူတည်၍ ကောက်ခံကြောင်း သိရသည်။

“လယ်ခွန်သီးသန့်အနေနဲ့ လယ်တစ်ဧကကိုမြန်မာငွေ တစ်ထောင်ပေးရတယ်။ သီးနှံထွက်အခွန်အနေနဲ့ စပါးတင်းတစ်ရာထွက်ရင် ဘယ်လောက်ဆိုပြီး ပေးရတယ်။ နှစ်တိုင်းပေးရတာ။ ဒီနှစ်ကတော့ ရေကြီးဘာကြီး ဆိုတော့ ဘာမှလာမကောက်သေးဘူး။ စပါးမရတဲ့သူကလည်းများတာကို” ဟု ကျောက်ကြီးမြို့နယ်နေ ဒေသခံလယ်သမားတစ်ဦးက ဆိုသည်။

သုံးသပ်ချက်

Saw Ba Maung တယ်လီဂရမ်ချန်နယ်သည် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအစုအဖွဲ့များနှင့်ပတ်သက်သည့် သတင်းအမှားအများစုကို ဖြန့်ဝေလျက်ရှိသလို စစ်ကောင်စီကိုထောက်ခံသည့်အရေးအသားများအား အသားပေးဖော်ပြလေ့ရှိသည့် ချန်နယ်တစ်ခုဖြစ်ကြောင်း ၎င်းကိုလေ့လာစောင့်ကြည့်မှုအရ သိရသည်။

ထို့အပြင် KNU က အခွန်သိန်းချီကောက်ခံသည်ဆိုသော သတင်းအမှားနှင့်ပတ်သက်၍လည်း ၎င်းပို့စ်တွင်ဖော်ပြထားသည့် သတင်းအရင်းအမြစ်၏ အချက်အလက် ခိုင်လုံမှန်ကန်မှုအားနည်းသလို၊ စကားပြောကုတ်ဖော်ပြချက် ရှေ့နောက်မညီညွှတ်မှုအပြင် KNU တုံ့ပြန်ချက်မပါရှိသည့် တဖက်သတ်စွပ်စွဲချက် သတင်းအမှားဖြစ်သည်။

ကေအိုင်စီ၏ ပရိသတ်များအနေဖြင့်လည်း သတင်းအကြောင်းအရာတစ်ခုကို တွေ့ရှိပါက ဆောလျင်စွာ ယုံကြည်မှုမပြုဘဲ ၎င်းတွင်ပါဝင်နေသည့် ရုပ်ပုံ၊ ရုပ်သံများအား ဂရုပြုလေ့လာခြင်းဖြင့်လည်းကောင်း၊ သက်ဆိုင်ရာလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသို့ အတည်ပြုချက်ရယူခြင်း၊ ထုတ်ပြန်ထားသည့် ထုတ်ပြန်ချက် များအား စောင့်ကြည့် အတည်ပြုခြင်းဖြင့်လည်းကောင်း စစ်ဆေးနိုင်သည်။

ထို့အတူ ယုံကြည်စိတ်ချရသည့် မီဒီယာများနှင့်တိုက်ဆိုင်စစ်ဆေးခြင်းဖြင့် သတင်းအမှား၊ အမှန်ခွဲခြားနိုင်သလို ကေအိုင်စီ၏ဖေ့ဘွတ်ခ်စာမျက်နှာ (https://www.facebook.com/KICNewsPage) သို့လာရောက်ပေးပို့နိုင်သည်။