Home ဆောင်းပါး AA ထိုးစစ်အောင်ပွဲကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည့် တိုင်းဧရာ

AA ထိုးစစ်အောင်ပွဲကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည့် တိုင်းဧရာ

354

AA ထိုးစစ်အောင်ပွဲကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည့် တိုင်းဧရာ

စောအယ်ကလူတော

( ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၂၄)

ရခိုင်တစ်ပြည်နယ်လုံး သိမ်းပိုက်သွားမည့် ရက္ခိုင့်တပ်တော်(AA) ၏ အောင်ပွဲများကြောင့် ရခိုင်ပြည် နယ်နှင့် ထိစပ်လျက်ရှိသည့် ဧရာဝတီတိုင်းအတွင်း ရိုက်ခတ်မှုများ ရှိလာခဲ့သည်။

ဧရာဝတီတိုင်း နှင့် ထိစပ်လျက်ရှိသည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ ကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဂွမြို့အထက်ဘက် သံတွဲ နှင့် တောင်ကုတ်မြို့သည် AA လက်ထဲ ကျရောက်သွားပြီး ဖြစ်သည်။

ရခိုင်တစ်ပြည်လုံးအနေဖြင့် မြို့နယ် ၁၇ မြို့နယ်ရှိသည့်အနက် မြေပုံ၊ မင်းပြား၊ မြောက်ဦး ၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ သံတွဲ၊ မောင်တောမြို့ နှင့် တောင်ကုတ် စသည့် ၁၂မြို့ကို AA က သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပြီးသည်။

အမ်းမြို့နယ်အခြေစိုက်တိုင်းစစ်ဌာနချုပ်(နပခ)ကိုလည်း ယမန်နေ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဟု AA က အတည်ပြုပြောဆိုထားသည့်အတွက် ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့် တရုတ်စီမံကိန်းများရှိသော ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့များသာ ကျန်ရှိတော့မည်ဖြစ်သည်။

အမ်းမြို့ရှိ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) တစ်ခုလုံးကို တိုက်ခိုက်သိမ်းပိုက်မှုတွင် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရမိထားကြောင်း AA ဘက်က ပြောဆိုထားသည်။

AA ၏ ထိုးစစ်များသည် ရပ်တန့်မနေသလို အောင်ပွဲများလည်း ဆက်လက်ရရှိနေသေးကြောင့် ရခိုင် နှင့်ထိစပ်နေသည့် ဧရာဝတီတိုင်းတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်လာခဲ့ပြီး တိုင်းအတွင်း စစ်မီးမကူး လာစေရန် စစ်ကောင်စီအနေဖြင့် အသည်းအသန် ပြင်ဆင်ထားရတော့သည်။

ကနဦးအနေဖြင့် ပြီးခဲ့သည့် အောက်တိုဘာလကတည်းက ရခိုင်-ဧရာဝတီ အစပ်ဖြစ်သည့် ဂွ-ငသိုင်းချောင်း လမ်းမကြီးကို ပိတ်ဆို့ထားပြီး ရခိုင်ဘက်က ဝင်လာသူများကို ကန့်သတ်ပိတ်ပင်မှုများ ပြုလုပ်ခဲ့သည်။

၎င်းအပြင် ရခိုင်ပြည်၏ နယ်စပ် ဟင်္သာတ ခရိုင်အတွင်းမှာရှိနေသည့် ဟင်္သာတ၊ မြန်အောင် ၊ ငသိုင်း ချောင်း၊ အင်္ဂပူ၊ ရေကြည် အစရှိသည့် ထိစပ်ဒေသများတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ညမ ထွက်ရ အမိန့် ထုတ်ပြန်ထားသည်။

ထိုသို့ ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့်အပြင် အဆိုပါ ဒေသရှိ ကျေးရွာများက ဧည့်စာရင်း ဝင်ရောက် စစ်ဆေးမှုများ ပုံမှန်လုပ်ဆောင်နေပြီး စစ်မှုထမ်းအသက်ရွယ်ပြည့်သူများကိုလည်း ညတွင်း ချင်းဖမ်းဆီးခေါ် ဆောင်မှုများလုပ်လျက်ရှိသည်။ ၎င်းဖမ်းဆီးခေါ်ခံရသူများကို သက်ဆိုင်ရာ မိဘများက ငွေကြေးပေး၍ ပြန်လည်ရွေးယူကြရကြောင်း ထိုင်းသို့ ရှောင်ပြေးသွားသည့် အသက် ၂၃ နှစ်အရွယ် မြန်အောင်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

၎င်းက “ဧည့်စာရင်းစစ်မယ်ဆိုပြီး ညဘက်တွေကမှာ ခေါ်သွားတာ။ လူတိုင်းကို ခေါ်တာမျိုးမဟုတ်ဘူး။ သူတို့ ခေါ်ချင်တဲ့ သူကို ခေါ်ချသွားတာ။ မနက်ဆို လိုက်သွားပြီး ပိုက်ဆံနဲ့ ပြန်ရွေးရင်ရတယ်။ အဲ့လိုဖြစ် တော့ ရွာက လူငယ်တွေအကုန် ထိုင်းတွေ တက်ပြေးကုန်ကော။ ကျနော်တောင် ကံကောင်းလို့ လွတ်လာတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်ပြီး ဒီဇင်ဘာ ၁၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ဧရာဝတီတိုင်းကို အခြေပြုသော တိုင်းစစ်ဌာန(ဧရာဝတီ)ကို အဆင့်ဆင့် ဖွဲ့စည်းပြီးဖြစ်ကြောင်း ကြေညာချက်ထွက်ပေါ်လာသည်။

အဆိုပါ ကြေညာချက်ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဧရာဝတီ တိုင်းအတွင်း တိုက်ပွဲဖော်ဆောင်မည့် သတင်းများကြောင့် AA နှင့် PDF တပ်ဖွဲ့ဝင်များ စိမ့်ဝင်မှုမရှိစေရန် ရခိုင်ဘက်မှ ဝင်ရောက်လာသူများကို လုံခြုံရေးတင်းကြပ် စစ်ဆေးနေကြောင်း ပြည်တွင်းသတင်းမီဒီယာများက အသီးသီးဖော်ပြလာကြသည်။

ထို့အပြင် ဂွမြို့နယ် တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ရခိုင် စစ်ဘေးရှောင်များကိုလည်း အထောက် အထားမပြည့်စုံပါက ဧရာဝတီတိုင်းသို့ ဝင်ခွင့်မပေးပေ။ သို့သော် လုံခြုံရေး စစ်ဆေးသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ငွေကြေးပေးဆောင်နိုင်သူများအနေဖြင့် ဖြတ်သန်းခွင့်ရကြသူအချို့လည်းရှိသည်။

ရခိုင်စစ်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ အတော်အထိနာလျက်ရှိသည်။ ရာနှင့်ချီ၍လည်း လက်နက်ချ အညံ့ခံကြသလို ထိခိုက်ဒဏ်ရာရရှိသူများကိုလည်း ဧရာဝတီတိုင်း ငသိုင်းချောင်းဘက်သို့ သယ်ချလာ၍ ဆေးကုသမှု ပေးနေရကြောင်း ဆေးရုံ နှင့် နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

“ငသိုင်းချောင်းဘက်မှာ သူတို့ လူနာ ပြည့်ကုန်ပြီး။ အခု ပုသိမ်အထိပါ သူတို့ လူနာတွေ ပို့လာပေးရတယ်” ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

အဆိုပါ ရခိုင်နယ်စပ်ဒေသများတွင် လုံခြုံရေးများတင်းကြပ်သလို စစ်ရေးပြင်ဆင်မှုများလည်း ပြုလုပ် ထားပြီး စစ်မှုထမ်းဥပဒေအရ စုဆောင်းရရှိထားသည့် တပ်ဖွဲ့ဝင်အသစ်များကိုလည်း ရခိုင်စစ်ပွဲသို့ စစ်ကူအများအပြားကို ဧရာဝတီတိုင်းမှတဆင့် ပို့ဆောင်ပေးသည်။

အလားတူ ဧရာဝတီတိုင်း၏ တိုင်းစစ်ဌာနချုပ်ရှိရာ ပုသိမ်မြို့ပေါ်တွင်လည်း ည (၈) နာရီ နောက်ပိုင်း အပြင် မထွက်ရန် လိုက်လံကြေညာထားပြီး ရပ်ကွက်အလိုက် နယ်မြေမှူးများဦးဆောင်၍ အလှည့်ကျ ကင်းပတ်နေကြောင်း ပုသိမ်မြို့ခံများက ပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ် နှင့် ထိစပ်မှု မရှိသည့် ဧရာဝတီတိုင်း၏ အတွင်းပိုင်းရှိ အခြားသော မြို့နယ် အချို့တွင်လည်း နံနက် ၆ နာရီမှ ည ၆ နာရီအတွင်း ယာဉ်အသွားအလာမပြုလုပ်ရန် အမိန့်ထုတ်ပြန် ထားကြောင်း ကျုံပျော်၊ ပန်းတနော်၊ မအူပင်၊ ကျောင်းကုန်းအစရှိသည့် ဒေသခံများထံမှ သိရသည်။

ပုသိမ်မြို့ခံတစ်ဦးက “ရခိုင်ဘက်က တိုက်ပွဲတွေက ဒီဘက်ကို ဘယ်တော့ရောက်မလဲမသိဘူး။ အခုက ပြေးဖို့ လုပ်ရမှာလား ဘာတွေ ပြင်ဆင်ထားရမလဲမသိဘူး။ တိုက်ပွဲဖြစ်တာ တခါမှ မကြုံဖူးတော့ ဒုက္ခ ရောက်မှာ စိုးရတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပွဲမြန်မြန်ပြီးလေကောင်းလေပဲ။ မြန်မြန်တိုက် မြန်မြန်သိမ်းလိုက်တာကောင်းတယ်။” ဟု ပြောသည်။

ဧရာဝတီတိုင်းသည် ရခိုင်ပြည်နယ်စစ်ပွဲအပြင် တစ်နိုင်ငံလုံးနီးပါး ဖွင့်ထားရသည့် စစ်မျက်နှာ တိုင်းအတွက် စစ်ကူအင်အားရရှိရန် စစ်ကောင်စီအတွက် အရေးပါသည့် တိုင်းဒေသဖြစ်သည်။ စစ်တပ်ထောက်ခံသူ အများအပြား ရှိနေခြင်းကြောင့် ‘ဘောမဝတီ’ ဟုပင် တင်စားခေါ်ဝေါ်ကာ လှောင်ပြောင်သမှုတ်ကြသည်။

ရခိုင်တိုက်ပွဲ နှင့် ကရင်ပြည်နယ် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများအပြင် လက်နက်ချ အလင်းဝင်သူအများစုတွင် ဧရာဝတီတိုင်းသား အများစု ဖြစ်နေသလို စစ်မှုထမ်းဥပဒေကြောင့် ပါဝင်လာသူများလည်းဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

AA ၏ ထိုးစစ်သည် ဧရာဝတီတိုင်းအတွင်းထိ ဝင်ရောက်နိုင်ခြင်းရှိ၊မရှိ မသိရှိရသေးသော်လည်း ရခိုင်စစ်ပွဲတွင် AA နှင့် ပူးပေါင်းတိုက်ခိုက်ပေးနေသည့် ဧရာဝတီအခြေပြု ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့အများအပြားရှိနေသည်။ အဆိုပါ တပ်ဖွဲ့များသည် AA ၏ စစ်ရေးအကူအညီပေးမှုဖြင့် ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နိုင်ခြေရှိသည်ဟု ခန့်မှန်းပြောဆိုထားကြသည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ငါးသိုင်းချောင်း-ဂွလမ်းပေါ်ရှိ စစ်ကောင်စီ တပ်စခန်းနှစ်ခုဖြစ်သော ဒေါင်း ချောင်းဂိတ်နှင့် ဗေဒါဂိတ်စခန်းတို့အား AAနှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားနိုင်ခဲ့သည်။ အဆိုပါ စခန်းနှစ်ခု သိမ်းပိုက်ခံရသည့်အတွက် စစ်ကောင်စီအနေဖြင့် ဂွမြို့သို့စစ်ကူပို့ရန် အလွန်ခက်ခဲသွားသည်။

ထို့အတွက် အဆိုပါ သိမ်းပိုက်ခံရသည့် စခန်းများမှတဆင့် ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက် လာနိုင် သည့် တော်လှန်ရေး တပ်ဖွဲ့ဝင်များကို ခုခံရန် စစ်ကောင်စီ အနေဖြင့် ငါးသိုင်းချောင်း-ဂွလမ်းပေါ်ရှိ အမှတ် (၃၄၄) အမြောက်တပ်ဝင်းအတွင်း ရဟတ်ယာဉ်ကွင်း အမြန်တည်ဆောက်နေသလို လူသူ လက်နက်အင်အား အများအပြားဖြင့် ခံစစ်ပြင်ဆင်ထားကြောင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီ အနေဖြင့် ယခုလ ၁၈ ရက်နေ့က စစ်ဗိုလ်ချုပ် အချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့ရာတွင် ဧရာဝတီတိုင်း ပုသိမ်မြို့အခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းအစား တပ်ထိန်းချုပ် ဗိုလ်မှူးချုပ် စိုးကျော်ထင်ကို တိုင်းမှူးအသစ်အဖြစ် ထူးထူးခြားခြား အပြောင်းအလဲ ပြုလုပ် ထားသည်။

AA ၏ ထိုးစစ်ဆင်မှုများသည် ရပ်တန့်ခြင်းမရှိသည့်အပြင် ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဂွမြို့ အနီးရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း(ခမရ-၅၆၃) ကို AA က သိမ်းပိုက်ကာ မြို့အနှံ့ ကို ထိန်းချုပ်လိုက်ပြီး သံတွဲ-ဂွ ကားလမ်းမပေါ်ရှိ နောက်ဆုံး ကျန်ရှိသော ခြေမြန်တပ်ရင်း(ခမရ-၅၆၂) ကို AA က ဆက်လက် ထိုးစစ်ဆင်နေသည်။

AA ၏ ထိုးစစ်အရှိန် နှင့် အောင်ပွဲများသည် စစ်ကောင်စီအခြေပြုအားထားရာ ဧရာဝတီတိုင်းအတွက် အိပ်မက်ဆိုးဖြစ်လာနေပြီး အနှေးနှင့်အမြန်ဆိုသလို ဧရာဝတီ တိုင်းတစ်ခုလုံးစစ်မီးကူးသွားနိုင်သည့် အခြေအနေတွင် ရှိသည်။