Home သတင်း အရပ်သားများကို အနိုင်ကျင့်သည့်လုပ်ရပ်အား ဆန့်ကျင်ရန် စစ်ကောင်စီနှင့်ပူးပေါင်းသော DKBA ဗိုလ်ဘိပြော

အရပ်သားများကို အနိုင်ကျင့်သည့်လုပ်ရပ်အား ဆန့်ကျင်ရန် စစ်ကောင်စီနှင့်ပူးပေါင်းသော DKBA ဗိုလ်ဘိပြော

782

ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

အရပ်သားများအပေါ် အနိုင်ကျင့်သည့်လုပ်ရပ်များအား ဆန့်ကျင်ကြရန် ယနေ့ ကျရောက်သည့် နှစ်(၃၀) ပြည့် DKBA ဖွဲ့စည်းတည်ထောင်ခြင်းနေ့တွင် စစ်ကောင်စီနှင့် ပူးပေါင်းနေသည့် တိုးတက်သော ဗုဒ္ဓဘာ သာကရင် အမျိုးသားတပ်မတော်(DKBA) ခေါင်းဆောင် ဗိုလ်ဘိက ပြောဆိုလိုက်သည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဘုန်းကြီးကျောင်းဝန်း၌ ယနေ့ နံနက်က ပြုလုပ်ခဲ့သည့် နှစ် (၃၀) ပြည့် DKBA နေ့တွင် အဖွဲ့ခေါင်းဆောင် ဗိုလ်ဘိက ကရင်ဘာသာဖြင့် ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ငါတို့ တပ်ဖွဲ့ဝင်တွေ အနေနဲ့ ယူနီဖောင်းဝတ် လက်နက်ကိုင်ဆောင်တာဟာ ကိုယ့်ပြည်သူကို ကိုယ်အနိုင်ကျင့်ဖို့ မဟုတ်ဘူး။ လူထုကို အနိုင်ကျင့်တဲ့သူတွေကိုဆိုရင်လည်း လူထုတွေထိခိုက် နစ်နာ တာမျိုးမရှိဖို့ ချက်ချင်း ဆန့်ကျင်တွန်းလှန်ရမှာဖြစ်တယ်။ အရပ်သားတွေကို ထိခိုက်လာမယ့် ဘယ်လုပ် ရပ်မဆို ကိုယ့်အသက်နဲ့လဲပြီး ကာကွယ်ပေးဖို့ လိုတယ်” ဟု ယနေ့ အခမ်းအနားတွင် ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ အရပ်သားများကို ကာကွယ်ပေးရမည်ဟု ပြောဆိုနေသည့် ဗိုလ်ဘိ ဦးဆောင်သည့် DKBA တပ်ဖွဲ့သည် ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဆုံးမ ဩဝါဒကို ခံယူ၍ အရပ်သားများအပေါ် အကြမ်းဖက် နှိမ်နင်းရေးလုပ်ဆောင်သည့် စစ်ကောင်စီ နှင့်ပူးပေါင်းထားသည့် အဖွဲ့ဖြစ်သည်။

အထူးသဖြင့် လက်ရှိ ကော့ကရိတ်-ဖားအံလမ်းပိုင်းတွင် ဗိုလ်ဘိ ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အာဏာသိမ်းစစ်ကောင်စီတပ်နှင့်အတူ ပူးပေါင်းဂိတ်ချ၍ လမ်းလုံခြုံရေး ရယူနေပြီး ဖြတ်သန်း သွားလာသူများကို စစ်ဆေးမှုများလုပ်ဆောင်နေသည်။

ထိုသို့ အရပ်သားများကို အကာအကွယ်ပေးရမည်ဟု ပြောဆိုနေသော်လည်း ဗိုလ်ဘိ၏ DKBA အဖွဲ့သည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ သထုံခရိုင်၊ တပ်မဟာ (၁) ဖားအံမြို့နယ် ဝင်းဒရယ် ကျေးရွာစာသင်ကျောင်းရှေ့၌ ဒေသခံရွာသားများ ကန့်ကွက်သည့်ကြားက ပြီးခဲ့သည့် စက်တင်ဘာလက ကျေးရွာအတွင်း စစ်စခန်း အခိုင်အမာစတင်တည်ဆောက်ခဲ့သည်။

ထို စစ်စခန်းတည်ဆောက်ရာတွင်လည်း စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသည့် နယ်မြေခံ ကေအဲန်ယူ တပ်မဟာ (၁) တာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်ပင်မှုမရှိခြင်းကြောင့် ပဋိပက္ခ ဖန်တီးရန် တမင်ရည်ရွယ်သည့် သဘောဆောင်ကြောင်း ကေအဲန်ယူဘက်က တုန့်ပြန်ပြောဆိုထားပြီး နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု အခြေအနေအထိ ဖြစ်ပေါ်ခဲ့သည်။

၎င်းအပြင် ဗိုလ်ဘိ DKBA အဖွဲ့သည့် ကြာအင်းပေါ်တော်မူ ဆရာတော်မှတဆင့် စစ်ကောင်စီ၏ အထောက်အပံ့ကို တရားမဝင် ရယူနေပြီး စစ်ကောင်စီအတွက် လိုအပ်သည့် အကူအညီများကို ပူးပေါင်း ဆောင်ရွက်ပေးမှု ရှိနေခြင်းကြောင့်လည်း ကေအဲန်ယူ တပ်မဟာ(၁) တပ်ဖွဲ့ဝင်များနှင့် ထိပ် တိုက်ရင်ဆိုင်မှုများမကြာခဏဖြစ်ပွားသည်ဟု ကေအဲန်ယူဘက်က ဆိုသည်။

“ဗိုလ်ဘိက ကျနော်နဲ့ အတော်လေးရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ သူ့ကို ခေါ်တွေ့သေးတယ်။ ခရိုင်ဥက္ကဋ္ဌနဲ့ တွေ့ဖို့ ခေါ်တယ်။ သူမလိုက်ဘူး။ နောက်ကျဘယ်ဟုတ်မလဲ အခြေအနေက ပိုဆိုး လာတယ်။ သင်တန်းတွေဖွင့် စခန်းတွေအခိုင်အမာဆောက်လာတော့ အခြေအနေကို နားလည် လိုက်ပြီး။ သူလည်း ပြောထားတယ်လေ ကျနော်တို့ကို ပစ်မယ်ဆိုပြီး။ အဲ့တော့ ကျနော်တို့ဘက်ကလည်း ချေမှုန်းရမှာပဲ။ စည်းရုံးပြောဆိုလို့မှ မရတော့တာ။” ဟု ကေအဲန်ယူ တပ်မဟာ(၁)မှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေးက ယခုလ ကေအိုင်စီ နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

အဆိုပါ ဗိုလ်ဘိ ဦးဆောင်သည့် ခွဲထွက် (DKBA)အဖွဲ့သည် ဖားအံမြို့နယ်ရှိ ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဆုံးမဩဝါဒ အောက်တွင်နေထိုင်ကာ ကြာအင်းပေါ်တော်မူ ကျောင်းဝင်းဝန်းကျင်နှင့် တောင်ခြေတွင် စခန်းချနေထိုင်ခြင်း ရှိသလို ကြာအင်းပေါ်တော်မူ၏ သာသနာလုပ်ငန်းများအတွက် လုံခြုံရေးလိုက်ယူပေးခြင်းရှိကြောင်းလည်း သိရသည်။

စစ်တပ်အာဏာမသိမ်းခင်ကာလက မြန်မာစစ်တပ်နှင့် စစ်တပ်၏ လက် အောက်ခံ နယ်ခြား စောင့်တပ်(BGF) ကို ပြန်လည်ဆန့်ကျင်ပစ်ခတ် တိုက်ခိုက်မှုများပြုလုပ်ခဲ့သေးပြီး အာဏာ သိမ်းပြီး နောက်ပိုင်း ကြာအင်းပေါ်တော်မူ ဆရာတော်၏ ဆုံးမဝါဒကို ခံယူကာ တပ်အင်အားပြန်လည် ဖွဲ့စည်းထားသည့် အဖွဲ့လည်း ဖြစ်သည်။

အလားတူ ဆုံဆည်းမြိုင်ဒေသရှိ ဗိုလ်ချုပ်ကြီး စောစတီး ဦးဆောင်သည့် ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော် (DKBA) တပ်ဖွဲ့အနေဖြင့်လည်း ယနေ့ ကျရောက်သည့် နှစ် (၃၀) ပြည့် DKBA နေ့ကို စစ်ရေးပြ အခမ်းအနားဖြင့် ခမ်းခမ်းနားနား ပြုလုပ်ကျင်းပခဲ့သည်။