Home သတင်း အောင်ဇေယျစစ်ကြောင်းက တပ်သားများ ကော့ကရိတ်ရွာများဘက်သို့ ထွက်ပြေးသူများလာ

အောင်ဇေယျစစ်ကြောင်းက တပ်သားများ ကော့ကရိတ်ရွာများဘက်သို့ ထွက်ပြေးသူများလာ

668
Photo: Social Media

ဒီဇင်ဘာ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်ကောင်စီ အောင်ဇေယျစစ်ကြောင်းမှ တပ်သားများ စစ်ကြောင်းစွန့်ခွာပြီး ကော့ကရိတ်မြို့နယ် ကျေးရွာများဘက်သို့ နိုဝင်ဘာလနှင့် ယခုဒီဇင်ဘာလဆန်းပိုင်းအတွင် ထွက်ပြေးသူများပြား လာနေ သည်ဟု မျက်မြင်သိရှိသူ ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်က ပြောသည်။

အဆိုပါ စစ်ကြောင်းသို့ စစ်ကူအဖြစ်စေလွှတ်ခံရသည့် တပ်သားသစ်များ ဒေါနတောင် လမ်းဟောင်း၊ အာရှလမ်းသစ်နှင့် ကော့ကရိတ်မြောက်ပိုင်း ကျေးရွာများဘက်သို့ ထွက်ပြေးလာမှု အများအပြားရှိ နေသည်ဟု ကော့ကရိတ် မြောက်ပိုင်း အောက်ဘိုတဲ ဒေသခံ သတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “စစ်သားသစ်ကလေးတွေ ပြေးပြေးလာတယ်၊ လက်နက် မပါတာများတယ်။ မူးယစ်ဆေး ကြောင်သ လိုမျိုးတွေ လည်းပါတယ်။ ရွာက PC ဂိတ်တို့၊ BGF ဂိတ်တို့က ဖမ်းမိပြီး စစ်တပ်ကို ပြန်သွားပို့တာမျိုး တွေ့ရတယ်။ တချို့ လည်းသူတို့စစ်တပ်က ထွက်ပြေးလို့ပစ်သတ်လိုက်တယ်လို့ ကြားသိရတယ်။ တချို့ လည်း PDF နဲ့ ကရင်အဖွဲ့ ဘက်ရောက်ပြီး အလင်းဝင်တာရှိတယ်။ တချို့က ရွာသားတောင်ယာခြံတွေမှာ လာပုန်းနေတာမျိုးရှိလို့ မောင်းထုတ်ရတာလည်း ရှိတယ်” ဟု ပြောသည်။

ထိုသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများထဲမှ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်သို့ ထွက်ပြေး ခိုလှုံ လာသူများကို စစ်ဆေးမေးမြန်းရာတွင် အာရှလမ်းပိုင်းမြဝတီမြို့သို့ ထိုးစစ်ဆင်တိုက်ခိုက်ရန် အထက်အရာရှိ က အမိန့်ပေးပြီး မူးယစ်ဆေး အသုံးပြုစေခိုင်းသည်ဟု ထွက်ဆိုမှုများရှိနေသည်ဟု တော်လှန်ရေးမဟာမိတ်တပ် ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ယခုလို ပြောသည်။

“သူတို့တွေ တိုက်ပွဲထဲ ပစ်ခတ်လို့ ထိထားတာတောင်မှ ဆက်တက်လာတယ်။ ဆေးကြောင်နေတာကို ဖမ်းမိတဲ့အချိန်မှာ သူတို့တောင် သတိမလည်ဘူး။ နေ့တိုင်းသူတို့ကို အရာရှိက ဆေးသုံးခိုင်းတယ်။ အိပ်ချင်ပြေအောင်၊ အားရှိအောင်ဆိုပြီး ဆေးပြားတွေပေးတယ်လို့ သူတို့ပြောတယ်။ သူတို့အရာရှိ တွေလည်း ဆေးသုံးကြတယ်၊ ပြီးရင် ရှေ့ကိုတက်ပြီး တိုက်ခိုင်းတာ” ဟု ၎င်းက ပြောသည်။

လက်ရှိ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့များသည် ကော့ကရိတ်မြို့ပြင် ရန်ကုတ်၊ ကောင်းမှု၊ ရေလည် ကုန်း၊ အောက်ဘိုတဲ နေရာများနှင့် အာရှလမ်းမသစ် ကော့နွဲ့၊ တတန်ကူး၊ တောနော်ရေတံခွန်တောင် ကျောနေရာများ ဘက်တို့၌ ဒီဇင်ဘာ ၈ ရက်နေ့ထိ ရက်ဆက်ထိတွေ့ပစ်ခတ်မှု တိုက်ခိုက်မှုများ ဖြစ်ပွားနေသည်ဟု စစ်မြေပြင်သတင်းရင်းမြစ်များက ပြောသည်။