Home သတင်း ဖားအံတွင် လျှပ်စစ်မီးပျက် အသေးစားလုပ်ငန်းများ အခက်ကြုံ

ဖားအံတွင် လျှပ်စစ်မီးပျက် အသေးစားလုပ်ငန်းများ အခက်ကြုံ

795
Photo: CJ

ဒီဇင်ဘာ ၆၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုဒီဇင်ဘာ ၁ ရက်နေ့မှစ၍ လူနေရပ်ကွက်များအပါအဝင် စက်မှုဇုန်များတွင် လျှပ်စစ်မီး တစ်နေ့လျင် တစ်နာရီဝန်းကျင်သာ မီးပေးသည့်အတွက် အသေးစားလုပ်ငန်းများ အခက်အခဲကြုံတွေ့ နေရသည်ဟု မြို့ခံများက ပြောသည်။

လက်ရှိ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီ၏ ရဲစခန်း၊ ဌာနဆိုင်ရာ ရုံးများ၊ ဝန်ထမ်း အိမ်ရာများမှလွဲ၍ ကျန်မြို့ပေါ် ရပ်ကွက်များတွင် ယခုလို လျှပ်စစ်မီးပျက်တောက်နေခြင်း ဖြစ်သည်ဟု အမှတ်-၄ ရပ်ကွက်နေ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ကျနော်တို့ အမှတ် ၄ ရပ်ကွက်မှာ မီးမလာတာ တစ်ပတ်‌လောက်ရှိပြီး၊ တစ်ရက်ကို တစ်နာရီလောက် မီးခဏဘဲ လာလိုက်၊ ပျက်သွားလိုက်တာ တစ်နေကုန် ပြန်မလာတော့ဘူး။ ညဆိုလည်း မီးစက်သုံး နေရတယ်။ လုပ်ငန်းတွေ လည်း လုပ်မရတော့ အဆင်မပြေဘူး။ တစ်ခြား အမှတ် ၉ တို့ အမှတ် ၁၊ အမှတ်၂ ရပ်ကွက်တွေလည်းအတူတူဘဲ ပျက်နေတယ်။ စစ်အစိုးရရုံးတွေ ရဲစခန်းတွေ ပြည်နယ်ရုံးကြီးကုန်းနေရာက အိမ်ယာတွေတော့ မီးမပျက်ဘူး” ဟု ၎င်းက ပြောသည်။

ထိုသို့ လျှပ်စစ်မီးဖြတ်တောက် ထားသော်လည်း၊ ရပ်ကွက်ရှိ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကို ဆက်ဖွင့်လှစ်ရန်၊ ဈေးဆိုင်များ ဖွင့်လှစ်ထားရန်နှင့် ပိတ်သိမ်းထားလျင် စစ်ဆေးမေးမြန်း အရေးယူမည်ဟု စစ်ကောင်စီ အုပ်ချုပ်ရေးမှူးများက ပြောဆို သတိပေးမှုများ ရှိသည်ဟု အသေးစားစက်မှု လုပ်ငန်းရှင် တစ်ဦးက ယခုလို ပြောသည်။

Photo: CJ

“စစ်တပ်ခန့် အုပ်ကြီးတွေက အခုရပ်ကွက်မှာ တော်တော်လေး ဖိနှိပ်တာတွေ လုပ်လာတယ်။ လုပ်ငန်းရှင်တွေကို တွက်ခြေ မကိုက်လည်း လုပ်ငန်း ဆက်လုပ်ဖို့။ ရပ်နားတာ ဆိုင်ပိတ်တာတွေ မလုပ်ဖို့ လုပ်ငန်းရှင်တွေကို ခေါ်ပြော တာရှိတယ်။ အဲလိုလုပ်ရင် ဝင်စစ်မယ်၊ အခွန်ဆောင်တာ မဆောင်တာတွေ၊ မီတာမဆောင်တာမျိုးတွေက အစပေါ့ နောက်ဆက်တွဲစစ်မယ်လို့ ပြောတယ်။ မီးပျက် နေတာကိုလာအောင် လုပ်ပေးဖို့ကြတော့ သူတို့မလုပ် ပေးနိုင်ဘူး” ဟု ဖားအံမြို့အမှတ် ၁ ရပ်ကွက်တွင်နေထိုင်သူ အသေးစားစက်မှုလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

ထို့အပြင် လျှပ်စစ်မီးဖြတ်တောင်ထားသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ပြည်သူ့စစ်များ အပါ အဝင် အဖွဲ့စုံက ဖားအံမြို့အနီးတစ်ဝိုက်ကို နေ့ရောညပါ ကင်းပတ်စစ်ဆေးခြင်း၊ ဂိတ်ချ စစ်ဆေးခြင်း၊ ကင်းပုန်းချ စောင့်ကြည့်မှုများ တိုးလုပ်နေပြီး လူငယ်များ စစ်သားစုဆောင်းခံရမည့် အရေးလည်း စိုးရိမ်နေရသည်ဟု မြို့ခံတို့က ပြောသည်။