Home သတင်း ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ယာဉ်မတော်တဆမှုဖြစ်ပွား ဒဏ်ရာမစိုးရိမ်ရ

ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ယာဉ်မတော်တဆမှုဖြစ်ပွား ဒဏ်ရာမစိုးရိမ်ရ

718
Photo- Soe Lin Oo

ဒီဇင်ဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရိုးရာလက်ဝှေ့ ပရောဖက်ရှင်နယ် အားကစားသမား တစ်ဦးဖြစ်သူ စိုးလင်းဦးသည် နိုဝင်ဘာ ၃၀ ရက်နေ့တွင် မြဝတီမြို့နယ်၊ ကျောက်ခတ်ရွာ အနီးယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး မစိုးရိမ် ဒဏ်ရာ ရှရှိခဲ့သည်ဟု ၎င်းနှင့် နီးစပ်သူက ပြောသည်။

ထိုသို့ ယာဉ်မတော်ဆမှု ဖြစ်ပွားပြီး နောက် စိုးလင်းဦးကို ကျောက်ခတ်ဆေးရုံမှ တစ်ဆင့် ထိုင်းဘက်ခြမ်းရှိ မဲဆောက် ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေသလို လက်နှင့် နဖူးနေရာများသာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းနှင့် နီးစပ်သူ က ယခုလို ပြောသည်။

“လက်မနှစ်ချောင်းကြားနဲ့နဖူးနဲ့ငါးချက်ချုပ်ရတယ်။ ဓာတ်မှန်ရိုက်တာ အကုန်ကောင်းတယ်။ စိုးရိမ် စရာမရှိဘူး။ ကျောက်ခတ်ဆေးရုံကစိတ်မချရဘူးပြောလို့သာ မဲဆောက်ရောက်လာတာ။ သူ့ကားက နဂိုကတည်းက ဘရိတ်မကောင်းဘူး ညှော်နံ့ထွက်တယ်။ သေချာမစစ်မိဘူးဖြစ်သွားတာ။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ဒဏ်ရာရရှိထားသည့် အတွက် လာမည့်လတွင် ယှဉ်ပြိုင်မည့် လက်ဝှေ့ပွဲကို လောလောဆယ် မထိုးနိုင်သေးကြောင်း ကရင်ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးက လူမူကွန်ယက် စာမျက်နှာမှတစ်ဆင့် အများပြည်သူသို့ ယခုလို အသိပေးပြောဆိုသည်။

“မနေ့ညနေက ကျတော်တစ်ယောက်ထဲ တောင်ကုန်းပေါ်ကအဆင်းကားဘရိတ် မမိတော့လို့ ကားနဲ့ အတူ ကျတော်တောင်ကုန်းပေါ်က နေအောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်။ ရှေ့လပွဲကတော့ကျတော် ခြေနေကြောင့်မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေး ကြတဲ့သူ ကူညီပေးကြတဲ့သူအယောက်စီတိုင်းကျေးဇူးတင်ပါတယ်” ဟု စိုးလင်းဦးက ပြောသည်။

စိုးလင်းဦးသည် ပြည်တွင်းရိုးရာလက်ဝှေ့ပြိုင်ပွဲများတွင် ရွှေခါးပတ် ဆုရှင်တစ်ဦးဖြစ်သလို လက်ရှိ One Championship တွင် ပရော်ဖက်ရှင်နယ် ကစားသမားတစ်ဦးဖြစ်သည်။

One Championship တွင် သုံးပွဲ ဆက်အနိုင်ရပြီးနောက် အပိုဆုကြေး ဘတ်ငွေ ၃ သိန်းခွဲအပြင် အမေရိကန်ဒေါ်လာ ၁ သိန်းဖြင့် စာချုပ်ချုပ်ဆိုခြင်းခံခဲ့ရသည့် ရိုးရာ လက်ဝှေ့အကျော် အမော်တစ်ဦး လည်း ဖြစ်သည်။ သူသည် One Championship တွင် ၄ ပွဲ ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီး ၃ ပွဲ ဆက်အနိုင် ရကာ နောက်ဆုံးပွဲ တွင် ရှုံးနိမ့်ခဲ့သည်။