Home သတင်း ဘုရားသုံးဆူနှင့် ဂျပန်ရေတွင်းကြား ဂိတ်စခန်းကို DKBA နှင့် NMSP ပြန်ဆုတ်

ဘုရားသုံးဆူနှင့် ဂျပန်ရေတွင်းကြား ဂိတ်စခန်းကို DKBA နှင့် NMSP ပြန်ဆုတ်

889
Photo: CJ

ဒီဇင်ဘာ ၉၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဘုရားသုံးဆူမြို့နှင့် ဂျပန်ရေတွင်းကြား ရှေ့တိုးနေရာယူလာသည့် လုံခြုံရေးဂိတ်စခန်းများကို ဒီမိုကရစီအကျိုးပြု ကရင်တပ်မတော်-DKBA နှင့် မွန်ပြည်သစ်ပါတီ-NMSP တို့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီး‌နောက် အသီးသီးပြန်ဆုတ် လိုက်ပြီး ဖြစ်ကြောင်း DKBA ဘက်က ပြောသည်။

ဘုရာသုံးဆူဂျပန်ရေတွင်းလမ်းတွင် DKBA နှင့် NMSP တပ်ဖွဲ့ကြား နိုဝင်ဘာလ လကုန်ပိုင်းက နှစ်ဖက်တင်းမာမှု ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ပထမအပတ်တွင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းကာ ရှေ့တိုးချထားသည့် တပ်စခန်းများ ပြန်ဆုတ်ခဲ့ပြီး မြို့တွင်းသို့ ဝင်ထွက်သွားလာပါက အသိပေးရန် စသည်ဖြင့် သဘောတူ ညီချက် ရရှိခဲ့သည်ဟု DKBA အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ယခုလိုပြောသည်။

“အဓိကကျနော်တို့လဲ ရှေ့မတိုးတော့ဘူး အရင်ကအတိုင်းဘဲနေမယ်။ သူတို့ဘက်ကလည်း ဒီဘုရားသုံးဆူမြို့ကို ဖြတ်သွားဖြတ်လာလုပ်ရင် ကျနော်တို့ကို အကြောင်းကြားရမယ်။ ပြီးရင်ဒီထဲကို ဖြတ်သွားဖြတ်လာလုပ်ရင် အရပ်သား အနေနဲ့ဘဲဝတ်ဆင်ရမယ်။ လက်နက်တွေကို ပြည်သူများ မတွေ့မြင်အောင် ဖွက်ပြီးဖြတ်သွားရမယ်။ အဲဒီသဘောတူညီချက်နဲ့ ကျနော်တို့ သဘောတူခဲ့တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဂျပန်ရေတွင်းနှင့် ဘုရားသုံးဆူ လမ်းပေါ်တွင် DKBA ခွင့်ပြုချက်မယူဘဲ NMSP ဘက်က အခြား လက်နက်ကိုင် တချို့ ရုံးလာရောက်ဆောက်ခွင့် ပြုထားသည့် ကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်နားလည်မှုလွဲမှား ခဲ့သည့်အတွက် ရုံးများပြန်ပိတ်ရန်နှင့် အခြားတပ်ဖွဲ့ဝင်များ ပြန်လည် ထွက်ခွာသွားပါက အသိပေး အကြောင်း ကြားရန် စသည့်သဖြင့် သဘောတူခဲ့သည်ဟု ဗိုလ်မှူးကြီး စောအေဝမ်းက ဖြည့်စွက်ပြောသည်။

အဆိုပါ တွေ့ဆုံရာညှိနှိုင်းမှုကို DKBA ဘက်မှ ဗိုလ်မှူးကြီးစောအေဝမ်းဦးဆောင်သလို မွန်ပြည်သစ်ပါတီ-NMSP ဘက်မှ ဗဟိုကော်မတီဝင်ဖြစ်သူ နိုင်အောင်မငေးနှင့် မြို့နယ်တာဝန်ရှိသူတို့ ပါဝင်ခဲ့သည်။

ထို့အပြင် ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား ပျက်သွားပြီးနောက် ကြားကာလ အုပ်ချုပ် ရေးစနစ်အနေဖြင့် မြို့အုပ်ချုပ်ရေးအပိုင်းကို ကေအဲန်ယူက တာဝန်ယူဆောင်ရွက်နေပြီး မြို့လုံခြုံရေးကို DKBA က တာဝန်ယူထားသည်။

ဘုရားသုံးဆူမြို့တွင် လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ထွက်သွားလာပါက ဆက်ဆံရေးရုံး၌ အကြောင်းကြားရန် ညွှန်ကြားထားပြီး လုံခြုံရေးတာဝန်ယူထားသည့် DKBA တပ်ဖွဲ့ဝင်များကိုလည်း တာဝန်ကျသူမှလွဲ၍ ဘုရားသုံးဆူ မြို့ထဲသို့ ဝတ်စုံလက်နက်များဖြင့် သွားလာခွင့်မပြုထားကြောင်း သိရသည်။