Home သတင်း မြန်မာနိုင်ငံအကျပ်အတည်း ဖြေရှင်းရန် ဆွဲဆောင်မှုရှိသော နည်းလမ်းများဖြင့် အာဆီယံအာရုံစိုက်နေဟု အင်ဒိုနီးရှားပြော

မြန်မာနိုင်ငံအကျပ်အတည်း ဖြေရှင်းရန် ဆွဲဆောင်မှုရှိသော နည်းလမ်းများဖြင့် အာဆီယံအာရုံစိုက်နေဟု အင်ဒိုနီးရှားပြော

644

ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အာဆီယံသည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းထက် မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းရန် ဆွဲဆောင် မှုရှိသော နည်းလမ်းများကို တစိုက်မတ်မတ် ဦးစားပေးလုပ်ဆောင်နေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်ဟု အင်ဒိုနီးရှားသတင်းဌာနတစ်ခုဖြစ်သော Antara က ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရေးသားထားသည်။

“ပိတ်ဆို့အရေးယူမှုတွေဟာ အာဆီယံနိုင်ငံတွေရဲ့ DNA ထဲမှာ မပါပါဘူး။ ဒါ့အပြင် အဖွဲ့ဝင်နိုင်ငံတွေအပေါ် ပိတ်ဆို့အရေးယူမှု ယန္တရားကို အာဆီယံကိုယ်တိုင်က အသိအမှတ်မပြုပါဘူး” ဟု အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ Rolliansyah Soemirat (ဝါ) Roy ဒီဇင်ဘာလ ၁၆ ရက်(တနင်္လာ)နေ့ ပြောဆိုကြောင်း Antara တွင် ဖော်ပြထားသည်။

ထို့အပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအရေးကိစ္စရပ်တွင် ပါ၀င်ပတ်သက်နေသည့် သက်ဆိုင်သူအားလုံး အတူတကွထိုင်ပြီး ပဋိပက္ခအဆုံးသတ်ရေး ဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက်ကျင်းပရန်နှင့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ် (five point consensus) ကို အကောင်အထည်ဖော်ရန် ဆက်လက် တိုက်တွန်းသွားမည်ဖြစ်ကြောင်း ရိုလိယံဆီရာ ဆိုမီရတ် က ဆက်လက်ပြောဆိုသည်။

ဆက်လက်၍ တွေ့ဆုံဆွေးနွေးမှုကဲ့သို့သော ဆွဲဆောင်မှုရှိသည့် နည်းလမ်းများရှိမှသာ ပိတ်ဆို့အရေးယူမှုများကို နောက်ဆုံး နည်းလမ်းအဖြစ် အသုံးချနိုင်မှာဖြစ်ပြီး ကြားဝင်ဖြန်ဖြေပေး၍ မရတော့ကြောင်း၊ သို့သော်လည်း အပြစ်မဲ့ပြည်သူများ ထိခိုက် နစ်နာမှုမှ ကာကွယ်ရန်အတွက် ပိတ်ဆို့အရေးယူမှုများကို မျက်စိစုံမှိတ် ချမှတ်ခြင်းမပြုသင့်ကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အင်ဒိုနီးရှားအတွက် မြန်မာနိုင်ငံသည် အာဆီယံ၏ အစိတ်အပိုင်းဖြစ်ပြီး အမြဲတမ်းအာဆီယံ၏ အစိတ် အပိုင်းတစ်ခုဖြစ်ကာ အာဆီယံအဖွဲ့ဝင်ဖြစ်လာရန် ကူညီရမည်ဖြစ်ကြောင်းလည်း ရိုလိယံဆီရာ ဆိုမီရတ်က ထပ်လောင်းပြောဆိုသည်။

ယခုအချိန်အထိ အစည်းအဝေးတွင် မြန်မာနိုင်ငံအား မပါဝင်ရန် အာဆီယံ၏ ဆုံးဖြတ်ချက်သည် ပိတ်ဆို့အရေးယူမှု မဟုတ်သော်လည်း ပြည်တွင်းပဋိပက္ခကိုဖြေရှင်းရန် နိုင်ငံအတွက် နေရာပေးနိုင်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ပြောသည်။

လက်ရှိ အာဆီယံ ထိပ်သီးအစည်းအဝေးများတွင် နိုင်ငံရေးအရ ကိုယ်စားမပြုသူ ကိုယ်စားလှယ်များကိုသာ အစည်း အဝေးများတွင် ပါဝင်ခွင့်ပေးထားသည့်အပြင် မြန်မာနိုင်ငံအား ၂၀၂၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးမှ ရပ်ဆိုင်းထားကာ ဖိလစ်ပိုင်နှင့် အစားထိုးရန် အာဆီယံက ဆုံးဖြတ်ခဲ့သည်။

တချိန်တည်းတွင် ယနေ့ ဒီဇင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် မြန်မာ့အရေး အလွတ် သဘောဆွေးနွေးပွဲသို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် အဖွဲ့တက်ရောက်လျက်ရှိသည်ဟု ဒေသတွင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဦးဆောင်ဆွေးနွေးမည့် ထိုဆွေးနွေးပွဲကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် မြန်မာတို့က ပါဝင်ဆွေးနွေးနေကြခြင်းဖြစ်သည်ဟု သိရသည်။

Source: Antara