Home သတင်း ပိုင်ကျုံတွင် အာဝါဒေး လောင်းကစားဝိုင်း ဖွင့်လှစ်မှု များလာ

ပိုင်ကျုံတွင် အာဝါဒေး လောင်းကစားဝိုင်း ဖွင့်လှစ်မှု များလာ

703
Photo- KIC

ဒီဇင်ဘာ ၁၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အာဝါဒေး လောင်းကစားဝိုင်း ဖွင့်လှစ်မှု များပြားလာပြီး ပေါ်ပေါ်ထင်ထင် ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဒေသတွင် ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးအဖွဲ့-UCKAG ၄ ဖွဲ့က လောင်းကစားပွဲများကို ထိရောက်စွာ အရေးယူမည်ဟု ထုတ်ပြန်ထားသော်လည်း ပိတ်ပင်တားဆီးနိုင်ခြင်းမရှိခြင်းကြောင့် အာဝါဒေး လောင်းကစားဝိုင်း ၁၀ ဝိုင်းကျော်နှင့် ငါးပစ်ဂိမ်း လောင်းကစား သီးသန့် ဖွင့်လှစ်ထားသည့် ဝိုင်း ၁၀ ဝိုင်း ထက် မနည်းရှိနေသည်ဟု ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“လောင်းကစားဝိုင်းလုပ်တာက လက်နက်ကိုင်ခွင့်မပြုရင် ဘယ်သူမှ မလုပ်ရဲဘူး၊ လက်နက်ကိုင် တစ်ဖွဲ့ဖွဲ့က ခွင့်ပြုလို့ပဲ၊ အခုက လောင်းကစားဝိုင်းတွေ များလာတာမှ မြင်လို့တောင်မကောင်းတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဇာတ်စင်များဆောက်လုပ်ကာ လောင်းကစားဝိုင်းများကို ပြုလုပ်ခြင်းကြောင့် ဒေသခံပြည်သူများ ညဘက်အိပ်မရသည့်အပြင် ဆိုင်ကယ်အခိုးခံမှု၊ ပျောက်ဆုံးမှု များစွာ ရှိနေသည့်အတွက် ကျေးရွာများတွင် လုံခြုံမှုမရှိဟု ခံစားနေရသည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။

Photo- KIC

အဆိုပါ လောင်းကစားဝိုင်းများ ပြုလုပ်ရာတွင် လက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ချို့ပါဝင်ပတ်သက်နေသည့် အတွက်ကြောင့် အရေးယူမှုအားနည်းနေပြီး ဒေသခံများ မကြာခဏ တိုင်ကြားခြင်း၊ ပြုလုပ်သော်လည်း လောင်းကစားဝိုင်းများကို ပိတ်ပင်ခြင်းမရှိဘဲ နေရာရွှေ့ပြောင်း လုပ်ဆောင်နေကြသည်ဟု ဒေသခံတာဝန်ရှိသူ တစ်ဦးက ယခုလိုပြောသည်။

“အရင် သတင်းမှာတက်တဲ့ ပဲကုန်း ဝိုင်း(လောင်းကစားဝိုင်း)ကတော့ မရှိတော့ဘူး၊ ဒါပေမဲ့ ပေါင်ရေပူ၊ ထီးဖိုးကိန် တို့ ဘက်ကို ပြောင်းသွားတာ အဲဘက်တစ်လမ်းလုံး လောင်းကစားဝိုင်း သက်သက်ပဲ၊ လမ်းမဘေးနားမှာ ပွင့်ပွင့် လင်းလင်းကို ပြုလုပ်နေတာ” ဟု ကေအိုင်စီသို့ ပြောသည်။

ဖားအံခရိုင်အတွင်း လောင်းကစားပွဲနှင့်မူးယစ်ဆေးဝါးရောင်းဝယ်သုံး စွဲခြင်းများကို ထိရောက် စွာအရေးယူမည်ဟု ကရင်လက်နက်ကိုင် ၄ ဖွဲ့ဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)၊ ကရင် နယ်ခြားစောင့်တပ်-BGF၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော်-DKBAနှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (PC) ခေါင်းဆောင်များက ပြီးခဲ့သည့်နှစ် မတ်၂၉ ရက်နေ့တွင် သဘောတူ လက်မှတ်ထိုးပြီး တားမြစ်ညွှန်ကြားချက်ကို ထုတ်ပြန်ထားသည်။

ထိုသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း တစ်နှစ်ပတ်လုံး ဖွင့်လှစ်သည့် ငါးပစ်ခုံဝိုင်းများ၊ လောင်းကစား ဝိုင်းများတွင် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်တစ်ချို့က လုံခြုံရေးယူပြီး လောင်းကစားဝိုင်းများကို စည်ကားစွာ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။