Home တွေ့ဆုံမေးမြန်းခန်း တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒိုစောဒဲဖိုးနှင့် တွေ့ဆုံမေးခြင်း

တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒိုစောဒဲဖိုးနှင့် တွေ့ဆုံမေးခြင်း

295
KNU တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒိုစောဒဲဖိုး

“ဒါကလည်း ပြည်သူတွေအပေါ်မှာပဲ လုပ်လို့ရတာဖြစ်လို့ ပြည်သူတွေကိုပဲ လုပ်တာဖြစ်တယ်။ ခုနက ပြောသလို ပိုက်ဆံတွေလုတယ်ဆိုတာကလည်း အမျိုးမျိုးခေါင်းစဥ်တပ်ပြီး ယူကြတာ။ သူတို့အချင်းချင်းထဲမှာ အထက်ကနေ အောက်ခြေကို အုပ်ချုပ်လို့ မရဘူး။ သူတို့ခေါင်းဆောင်ပိုင်းကလည်း ငယ်သားတွေကို အုပ်ချုပ်လို့မနိုင်တော့ ရတဲ့ နည်းလမ်းနဲ့ ငွေတောင်းတာတွေ လုပ်နေကြတာလို့ ကျနော်မြင်တယ်” ပဒိုစောဒဲဖိုး / KNU တောင်ငူခရိုင်ဥက္ကဋ္ဌ

ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒိုစောဒဲဖိုးနှင့် တွေ့ဆုံမေးခြင်း

ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၂) နယ်မြေ၊ တောင်ငူခရိုင်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများအတွင်း ယာဒို-လိပ်သို-သံတောင်-တောင်ငူ လမ်းပိုင်းများ တလျှောက်ရှိ စစ်ကောင်စီတပ်စခန်းများက အဆမတန် ငွေကြေးတောင်းခံမှုများ ရှိနေသည်။

ယင်းအပြင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ကြား ပဋိပက္ခများအပြင် စစ်ကောင်စီက ဒေသခံများအား ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက်နေသည့် ဖြစ်စဥ်များစွာလည်း ဖြစ်ပွားလျက် ရှိနေသည်။

ထို့အခြေအနေများကြောင့် တပ်မဟာ (၂) နယ်မြေအတွင်း စစ်ကောင်စီ တပ်စခန်းတို့ လှုပ်ရှားမှုအနေအထား၊ ဒေသခံများ ခံစားနေရသည့် ခြိမ်းခြောက်မှုများအား သိရှိနိုင်ရန် KNU တောင်ငူခရိုင်ဥက္ကဋ္ဌ ပဒိုစောဒဲဖိုးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့ကြားက ပဋိပက္ခအခြေအနေကို ပြောပြပါဦး။
ဖြေ။ ။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ရဲ့ခရိုင်ထဲက ပဋိပက္ခအခြေအနေကို အမှန်တိုင်းပြောပြရမယ်ဆိုရင် စစ်ကောင်စီက သူတို့အာဏာတည်မြဲရေးအတွက် အစွမ်းကုန်ပဲကြိုးစားခဲ့တယ်။ တချို့နေရာတွေမှာ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားတွေကို ချထားတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့နယ်မြေခံ တော်လှန်ရေးအဖွဲ့ဘက်က ထိန်းထားနိုင်တဲ့နယ်မြေတွေမှာတော့ သူတို့လာအုပ်ချုပ်လို့မရအောင် အစွမ်းကုန် ထိန်းထားတယ်။ သူတို့ကိုလာပြီးအုပ်ချုပ်ခွင့် မပေးဘဲနဲ့ ကျနော်တို့ရဲ့ KNU အုပ်ချုပ်ရေးနဲ့ပဲသွားတယ်။

ဒါကြောင့် သူတို့အုပ်ချုပ်လို့ရတဲ့နေရာတွေကတော့ တကယ့်အာဏာရှင်ဆန်ဆန် အုပ်ချုပ်သွားတာဖြစ်တယ်။ ကျနော်တို့ရဲ့ နယ်မြေထဲမှာတော့ နှစ်ပိုင်းဖြစ်သွားတာပေါ့။ တပိုင်းက စစ်ကောင်စီအုပ်ချုပ်မှုအောက်က သွားတာနဲ့ နောက်တပိုင်းက KNU အုပ်ချုပ်မှုအောက်ကသွားတာ။ ဒါကြောင့် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ နေရတဲ့ ပြည်သူတွေကတော့ သူတို့အုပ်ချုပ်တဲ့ပုံစံအတိုင်း သွားရတယ်။ လက်ရှိကတော့ အဲ့ဒီလို ဖြစ်နေပါတယ်။

မေး။ ။ တောင်ငူခရိုင်/တပ်မဟာ (၂) ထဲမှာ အရင်က စစ်ကောင်စီစခန်းဘယ်လောက်ရှိပြီး လက်ရှိမှာ ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ ကျနော့်အထင် စစ်ကောင်စီစခန်းက ကျနော်တို့ခရိုင်ထဲမှာ အလုံး ၅၀ ကျော်လောက် ရှိတယ်။ တချို့က သူတို့နေလို့မရလို့ ထွက်သွားတာနဲ့ ကျနော်တို့တိုက်ယူတာနဲ့ပေါင်းရင် စခန်းက ၁၀ ခုလောက်ပဲ ရှိသေးတော့။ အလုံး ၃၀ လောက်တော့ ကျန်သေးတာပေါ့။

မေး။ ။ အဓိက စခန်းတွေကရော ဘယ်စခန်းတွေဖြစ်မလဲ သိပါရစေ။
ဖြေ။ ။ အဓိက ကတော့ ကရင်လို ခလယ်လာဆိုတဲ့ စစ်ကောင်စီစခန်းပါ။ ဗမာလိုဆို ဘောဂလိစခန်းပေါ့။ နောက်တခုက သံတောင်ကြီးမြို့က ဘုရင့်နောင်တပ်စခန်း။ အဲဒီစခန်းနှစ်ခုက ကျနော်တို့နယ်မြေထဲမှာ တော်တော်ကို အရေးကြီးတဲ့စခန်းတွေလို့ ထင်တယ်။ ကျန်တဲ့စခန်းတွေကတော့ အဲဒီနှစ်လုံးလောက် သိပ်အရေးမကြီးဘူး။

မေး။ ။ လက်ရှိခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီစခန်းတွေက ဘာတွေလှုပ်ရှားမှုရှိပါလဲ။
ဖြေ။ ။ ကျနော်တို့ခရိုင်အတွင်းမှာရှိတဲ့ မြို့နယ်နှစ်ခုထဲမှာ အနီးစပ်ဆုံးပြောရရင် ပြီးခဲ့တဲ့လကဆို ဘောဂလိ စစ်ကောင်စီတပ်စခန်းက ကျနော်တို့ပြည်သူတွေ သွားလာရေးလုပ်ဆောင်တဲ့နေရာမှာ ဒေသခံပိုင်ငွေကြေး၊ ပစ္စည်းဥစ္စာတွေကို လုယူတာတွေ လုပ်ဆောင်တာရှိတယ်။ တောင်ငူကနေ ဒေသခံတွေက သူတို့မြို့ကိုသွားလာတဲ့ အပေါ် လုပ်ဆောင်တာဖြစ်တယ်။ ငွေဆိုလည်း သိန်းချီလုယူပြီး ဖုန်းဆို အလုံး ၂၀ ဝန်းကျင်လောက် လုယူတာ ရှိတယ်။ တချို့နေရာတွေမှာဆိုရင်လည်း ဖြတ်သွားဖြတ်နဲ့ ပြည်သူတွေကို ကြောက်လန့်အောင်လုပ်တာပေါ့။ ပါးစပ်နဲ့ပြောပြီးရော စာကပ်ပြီးတော့ရော ညဘက် မထွက်ရ၊ ဘာမလုပ်ရ ညာမလုပ်ရနဲ့ တားမြစ်တာတွေရှိတယ်။

အထူးသဖြင့် ဇရပ်ကြီးနဲ့ သံတောင်ကြီးမြို့နယ်ထဲက သံတောင်မြို့၊ လိပ်သို၊ ယာဒိုဘက်တွေမှာ အဲ့ဒီလိုလုပ်တာ တွေ ရှိတယ်။ စည်းကမ်းတွေကို သူတို့အဲ့ဒီလိုထုတ်တဲ့အပေါ် ပြည်သူတွေသွားလာတာရှိရင် ပြည်သူတွေဆီက ပိုက်ဆံတောင်းတာတွေ လုပ်တယ်။ အဲဒီဖြစ်စဥ်တွေက ကျနော်တို့ဆီမှာ စာရင်းတွေရရှိပြီးသား ဖြစ်တယ်။ ကျနော်တို့အမြင်တော့ သူတို့ရဲ့အာဏာသိမ်းခေါင်းဆောင်က ဒီလိုလုပ်ဖို့ အခွင့်အရေးပေးထားတာ။ ဒီလိုလုပ်ခြင်း အားဖြင့်လည်း ပဋိပက္ခတွေက နယ်မြေထဲမှာအများကြီး ပိုဖြစ်လာတယ်။ ပြည်သူတွေလည်း ပိုပြီးအကျပ်အတည်း ဖြစ်တာပေါ့။

မေး။ ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဘာကြောင့်ဒီလိုလုပ်ရတာလဲ အဖူးရဲ့အမြင်ကို ပြောပြပေးပါဦး။
ဖြေ။ ။ ဒါက သူတို့ရဲ့အာဏာတည်မြဲဖို့ လုပ်ဆောင်တာပါ။ တဖက်မှာလည်း သူတို့အချင်းချင်းကြား ပြဿနာ တွေရှိလို့ လုပ်တာဖြစ်တယ်။ ရှေ့တန်းသွားတဲ့ သူတို့ရဲ့တပ်သားတွေ နေထိုင်စားသောက်မှုနည်းလမ်းကို ရှာကြံတာ။ ဒါကလည်း ပြည်သူတွေအပေါ်မှာပဲ လုပ်လို့ရတာဖြစ်လို့ ပြည်သူတွေကိုပဲ လုပ်တာဖြစ်တယ်။

ခုနက ပြောသလို ပိုက်ဆံတွေလုတယ်ဆိုတာကလည်း အမျိုးမျိုးခေါင်းစဥ်တပ်ပြီး ယူကြတာ။ သူတို့အချင်းချင်း ထဲမှာ အထက်ကနေအောက်ခြေကို အုပ်ချုပ်လို့မရဘူး။ သူတို့ခေါင်းဆောင်ပိုင်းကလည်း ငယ်သားတွေကို အုပ်ချုပ်လို့မနိုင်တော့ ရတဲ့နည်းလမ်းနဲ့ ငွေတောင်းတာတွေ လုပ်နေကြတာလို့ ကျနော်မြင်တယ်။

မေး။ ။ တောင်ငူခရိုင်ထဲမှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက ပိုပြီးရှိသေးပါလား။
ဖြေ။ ။ စစ်ကောင်စီက ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတော့ ကျနော်တို့ကြားသိနေရတာတွေ ရှိတယ်။ ဒါပေမဲ့ ပြည်သူတွေက အရမ်းကြောက်တဲ့အခါကျတော့ စစ်ကောင်စီအနိုင်ကျင့်သမျှကို ခံနေရတယ်။ ဒါကြောင့်ပဲ ကျနော်တို့ဆီ သတင်းရောက်ရှိမှုက နည်းတယ်။

သတ်ဖြတ်ခံရလို့ သေဆုံးမှုအပိုင်းမှာ လာတင်ပြတဲ့အမှုတွေကိုတော့ ကျနော်တို့သိရပေမယ့် မတင်ပြတာတွေ ကိုတော့မသိရဘူး ။ ကြောက်လန့်စိတ်နဲ့ ပြောမထွက်တော့ ပပျောက်သွားတာတွေ ရှိတယ်။ ဒီလိုပြောမထွက် တာကလည်း သူတို့ကို စစ်ကောင်စီက တုံ့ပြန်မှုလုပ်မှာစိုးလို့ ဖြစ်တယ်။

မေး။ ။ ခရိုင်ထဲမှာရှိနေတဲ့ စစ်ရှောင်အခြေအနေကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ စစ်ရှောင်ရှိနေတာ ဟုတ်တယ်။ ဒီလိုရှောင်နေရတာကလည်း တိုက်ပွဲဖြစ်အောင် ကျနော်တို့က တမင် ရည်ရွယ်ပြီး လုပ်တာမဟုတ်ဘဲ တော်လှန်ရေးအတွက် ကျနော်တို့ပြည်သူတွေရဲ့အခွင့်အရေးကို ကာကွယ်ဖို့ အတွက် ကျနော်တို့နယ်မြေထဲမှာ အခြေချနေတဲ့ စစ်ကောင်စီမှန်သမျှ ပပျောက်အောင် လုပ်ဆောင်ရတာ ဖြစ်တယ်။ ဒါကြောင့် ကျနော်တို့ကိုင်တွယ်ဖို့ အရမ်းမတတ်နိုင်တဲ့ နေရာကလွဲလို့ ဒေသခံတွေ ထိခိုက်တာ မရှိပါဘူး။

ခုနကပြောထားသလို စစ်ကောင်စီအုပ်ချုပ်တဲ့နယ်မြေနဲ့ KNU အုပ်ချုပ်လို့ ရတဲ့နယ်မြေက နှစ်ပိုင်းရှိတဲ့ နေရာမှာ KNU အုပ်ချုပ်မှုအောက်မှာရှိနေတဲ့ ပြည်သူတွေက ကျနော်တို့ ဒီလိုတိုက်ခိုက်ရတဲ့ အကြောင်းအရင်းကို နားလည် တယ်။ ဒါပေမဲ့ စစ်ကောင်စီယန္တရားအောက်မှာ အတွင်းကျကျနေရတဲ့သူတွေကတော့ ကျနော်တို့ကို အထင်အမြင် မှားပြီး အပြစ်တင်တာတွေရှိတယ်။ ဒါကလည်း သူတို့မှာထိခိုက်နစ်နာမှုတွေ ရှိလို့ပါ။ ဒီအပေါ်မှာတော့ ပြည်သူတွေ က ကျနော်တို့ ကရင့်တော်လှန်ရေးရဲ့လမ်းစဥ်ကို နားမလည်လို့ ဒီလိုအပြစ်တင်တာလို့ ကျနော်နားလည်တယ်။ တချို့ပြည်သူတွေကတော့ နိုင်ငံရေးကို လေ့လာတယ်။ သူတို့တွေအနေနဲ့ကတော့ ပြဿနာမရှိဘူးပေါ့။

မေး။ ။ စစ်ကောင်စီရဲ့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြည်သူတွေဘဝ ဘယ်လောက်ထိ စိန်ခေါ်မှုရှိနေလဲ။
ဖြေ။ ။ ကျနော်တို့ပြည်သူတွေကတော့ ခက်ခဲကြတယ်။ တချို့ဆို မြို့ထဲကနေ စားသောက်စရာတွေ သွားဝယ်ရ တာရှိတော့ စစ်ကောင်စီက မတန်မရာတောင်းတာတွေ ခံရတယ်။ ၁၃ မိုင်၊ ၇ မိုင်၊ ၄ မိုင် နေရာတွေမှာ နေ့တိုင်းလိုလို ပြည်သူတွေအပေါ် ငွေကြေးအဆမတန် တောင်းတာတွေရှိတော့ တနေ့တနေ့ ရပ်တည်ဖို့တောင် ခက်ခဲတဲ့ ပြည်သူတွေအတွက် ဒုက္ခရောက်ရတယ်။

လွတ်လပ်စွာ သွားလာလို့လည်းမရတဲ့အပြင် ဆန်နဲ့အခြားပစ္စည်းတွေက တအားကိုဈေးတက်ကုန်ကြတော့ တအားကို ဒုက္ခရောက်ကြတယ်။ နောက်တခုက ပြည်သူတွေကို စွပ်စွဲထောင်ချပြီး ငွေနဲ့လာရွေးခိုင်းတာတွေ လုပ်တော့ လွတ်လပ်စွာရှင်သန်ခွင့်တွေ မရရှိကြဘူးပေါ့။

မေး။ ။ တချို့ပြည်သူတွေက အဖူးတို့ကိုနားမလည် အပြစ်တင်တာတွေရှိတယ်လို့ အထက်မှာဆိုသွားတယ်။ သူတို့ကိုရော ဘယ်လို သတင်းစကားပါးချင်ပါလဲ။
ဖြေ။ ။ ကျနော် ခရိုင်ဥက္ကဋ္ဌတာဝန်ယူကတည်းက ပြည်သူတွေကိုနားလည်အောင် ပြောပြတယ်။ လက်ရှိ ကျနော်တို့လမ်းစဥ်က နိုင်ငံရေးလမ်းစဥ်အနေနဲ့ပဲ သွားလို့မရဘူး။ ဒါကြောင့် စစ်ရေးနဲ့သွားနေရတာ။ ဒီလိုစစ်ရေး ဖော်ဆောင်ရတာကလည်း ရန်သူကို အမှန်တရားအတိုင်း သိရှိစေဖို့ဖြစ်တယ်။ သူတို့ (စစ်ကောင်စီ) မနေသင့်၊ မရှိသင့်တဲ့နေရာဖြစ်လို့ သူတို့ကို ကျနော်တို့ရှင်းထုတ်ရမယ်။

ဒါပေမဲ့ သူတို့ကလည်း သူတို့အာဏာရအောင်လုပ်နေသလို ကျနော်တို့ကလည်း ကျနော်တို့အခွင့်အရေးနဲ့ ကျနော်တို့နယ်မြေပြန်ရဖို့ လုပ်ဆောင်နေတဲ့အပေါ်မှာ ဒီလိုပဋိပက္ခတွေ ဖြစ်လာတာလို့ ပြောချင်တယ်။ ကျနော်တို့ စစ်ပွဲကို မလိုပါဘူး။ ရှေ့ဆက်ပြီး အာဏာရှင်စနစ်မရှိတဲ့ အမှန်တရားလမ်းစဥ်အပေါ်ပဲ သွားချင်တယ်။ ပြည်သူတွေ ကို နောက်တခုထပ်မှာချင်တာက ပြည်သူအယောက်ဆီတိုင်း တချို့ကနိုင်ငံရေးပိုင်းမှာ တာဝန်ရှိသလို တချို့က တိုက်ခိုက်ရေးမှာ တာဝန်ရှိတယ်။

မေး။ ။ အုပ်ချုပ်မှုနှစ်ခုဖြစ်နေတော့ နောင်ကာလမှာ စစ်ကောင်စီရဲ့အုပ်ချုပ်မှု လုံးဝကင်းစင်သွားနိုင်မလား။ အဖူး ဘယ်လိုထင်ပါလဲ။
ဖြေ။ ။ ရှေ့ဆက်မှာတော့ ကျနော်တို့နယ်မြေထဲက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ သူတို့စခန်းတွေကို စွန့်ပစ်ပြီးထွက်သွားဖို့ ကျနော်မြင်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာက အရမ်းကျဆင်းနေပြီ။ တချို့က ထွက်ပြေးကြတာရှိသလို တချို့က တော်လှန်ရေးအဖွဲ့ကို လာပူးပေါင်းတယ်။

ဒါကြောင့်ပဲ သူတို့ထဲမှာ အချင်းချင်း ပြဿနာရှိတယ်လို့ မြင်တယ်။ ဒါကြောင့်ပဲ ကျနော်တို့နယ်မြေထဲက စစ်ကောင်စီတပ်စခန်းတွေ ရွှေ့ပြောင်းသွားမယ်လို့ ကျနော်မြင်တယ်။ သူတို့ရဲ့အဓိကစခန်းတွေကို ဖြုတ်နိုင်အောင် လည်း ကျနော်တို့မှာအစီအစဥ်ရှိပြီးသား။ ဒါကြောင့်ရှေ့လျှောက်မှာ သူတို့စခန်းတွေ နည်းသထက်နည်းသွားမယ် လို့ထင်တယ်။

မေး။ ။ နောက်ထပ် ဖြည့်စွက်ပြောပြချင်တာရှိသေးရင် ပြောပြပေးပါဦး။
ဖြေ။ ။ ကမ္ဘာတဝှမ်းလုံးမှာရှိနေတဲ့ ကရင်လူထုတွေကိုမှာချင်တာက ကိုယ့်ရဲ့အမျိုးသားရေးအတွက် ကိုယ့်မှာရှိတဲ့ အစွမ်းအစနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က လုပ်ဆောင်ကြမယ်။ လုပ်ဆောင်ဖို့လည်း မြင်တွေ့ချင်တယ်။ ကျနော်တို့ရဲ့ အမျိုးသားရေးလှုပ်ရှားမှုမှာ ပါဝင်ဖို့ကလည်း ကရင်ပြည်သူအယောက်ဆီတိုင်းမှာ တာဝန်ရှိတယ်။ အရေးကြီး တယ်။ အခုကတော့ အားလုံးပါဝင်မှု မရှိသေးဘူးလို့ ပြောလို့ရတယ်။ ဒါကြောင့်အားလုံးပါဝင်မှုက အရမ်းလိုအပ်တယ်။

နောက်တခုက ကျနော်တို့ကရင်လူမျိုးတွေ စည်းလုံးညီညွှတ်ဖို့လည်း လိုတယ်။ အခုဆို အမြင်မတူတာတွေ အရမ်းများတယ်။ ဒါကလည်း အမြင်တွေ စိတ်ဓာတ်တွေ ကွဲပြားနေလို့ဖြစ်တယ်။ တချို့ဆို အမျိုးသားရေးအတွက် လုပ်ရမယ့်နေရာမှာ မလုပ်ဘဲ စိတ်ဓာတ်ကျအော င်ကွဲပြားအောင် လုပ်တာတွေရှိတယ်။ ဒါတွေကို ကြည့်ပြီးတော့ ကောင်းတဲ့ အတွေးအမြင်တွေ၊ စိတ်ဓာတ်တွေထားပြီး ကျနော်တို့တော်လှန်ရေးပန်းတိုင် ရောက်ရှိဖို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ကြပါစို့လို့ ပြောချင်တယ်။