Home သတင်း ဖယ်ခုံမြို့နယ်ရှိ ဒေသခံ ၂၀၀ ဦးကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

ဖယ်ခုံမြို့နယ်ရှိ ဒေသခံ ၂၀၀ ဦးကျော်ကို စစ်ကောင်စီ ဖမ်းဆီးထား

896
Photo credit to Original Uploader

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဒေသခံ၂၀၀ ဦးကျော်ကို ဖမ်းဆီးထားသည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF)က ယနေ့ ထုတ်ပြန်ပြောဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာမှ ကောက်ရိတ်သိမ်းပြီး ပြန်လာသည့် ဒေသခံများကို ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်ဟု KNDF မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်တာအယ်စိုးက ယခုလို ပြောဆိုသည်။

“နောက်ဆက်တွဲအခြေနေကိုတော့ မသိရှိရသေးဘူး။ ဟုတ်ပါတယ်။ စစ်ကောင်စီတွေက ဒေသခံနှစ်ရာ ကျော် ကိုဖမ်းဆီးပြီးတော့ ပင်လောင်းမြို့မှာ ထိန်းသိမ်းထားတယ်လို့တော့ သိရတယ်။ ဘာရည်ရွယ် ချက်နဲ့ ဖမ်းဆီးသွား တယ်ဆိုတာကိုတော့ ခန့်မှန်းရ ခက်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo credit to Original Uploader

ထို့အပြင် ယခုနိုဝင်ဘာလအတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများ ပစ်ခတ်ခြင်း၊ လေကြောင်းမှ ပစ်ခတ်ခြင်း များကြောင့် ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ရဲဘော်တာအယ် စိုးက ဆက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် တွင်လည်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀ ကျော် လုပ်ဆောင်ခဲ့သည့်အပြင် တိုက်ပွဲနှင့် မသက်ဆိုင်သည့် ကျေးရွာများ၊ စစ်ရှောင်စခန်းများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်ဟု သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ပင်လောင်း မြို့နယ်နှင့် ဖယ်ခုံမြို့နယ်ကြားရှိ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ဖယ်ခုံမြို့ပေါ်ရှိ ရပ်ကွက်လူနေအိမ်များ ကိုလည်း ဝင်ရောက်စီးနင်းမှုများ လုပ်ဆောင်ခဲ့သည့်အပြင် နေအိမ်မီးရှို့ဖျက်ဆီးခြင်း၊ တန်ဖိုးရှိပစ္စည်းများကို ယူဆောင်ခြင်းများ လုပ်ဆောင်နေသည်ဟု KNDF ၏ ယနေ့ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။