နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး၊ ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်န ယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောင်းကုန်းကျေးရွာအတွင်းသို့ ယနေ့နံနက် စစ်ကောင်စီက ဒရုန်းဗုံးနှင့် လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် တစ်အိမ်တည်းအတူနေ လသားအရွယ် ကလေးငယ်(၁)ဦးနှင့် အသက်မပြည့်သေးသည့် ကလေးငယ်(၁)ဦး၊ စုစုပေါင်း(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ယနေ့နံနက် ၁၀ နာရီဝန်းကျင်က ကျောင်းကုန်းကျေးရွာအနီးတဝိုက် တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ရွာအတွင်း လက်နက်ကြီးနှင့်ဒရုန်းဗုံးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့ရာမှ နေအိမ်အတွင်းရှိနေသည့် ကလေးငယ်(၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဒေသခံအမျိုးသမီးက ဆိုသည်။
“ကလေးမိဘတွေက အိမ်အပြင်မှာမို့လို့ မထိဘူး။ ကလေးအကြီးလေးတစ်ယောက်ကိုက ပုခက်ထဲ ကလသားကလေးကို ကြည့်ခိုင်းထားတာထင်တယ်။ အဲ့မှာအိမ်ပေါ်ကိုတည့်တည့်ကျတာ။ ကလေး တွေကိုတော့ ဆေးရုံပို့လိုက်ပြီ။ အကြီးလေးတစ်ယောက်က ဒဏ်ရာနည်းနည်းများတယ်။ အိမ်ရှေ့က အသုတ်ဆိုင်ကတော့ အစလောက်ပဲစင်တယ်။” ဟု ထိုအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကေအိုင်စီကသတင်းမေးမြန်းနေသည့် ယနေ့မွန်းလွဲပိုင်းအထိ ကျောင်းကုန်းကျေးရွာသို့ စစ်တပ်ကပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်နေသဖြင့် ကျောင်းကုန်းရွာသားအချို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
ကျောက်ကြီးမြို့နယ်တွင် အောက်တိုဘာလကုန်မှ နိုဝင်ဘာလအတွင်း စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အထိ နာသဖြင့် ယခုလိုပြည်သူလူထုနေထိုင်သည့် ကျေးရွာဘက်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်မည်ဟု ဒေသခံများက သုံးသပ်ပြောဆိုကြသည်။
ယခုနိုဝင်ဘာလအတွင်း စစ်တပ်ကပြည်သူနေထိုင်ရာကျေးရွာများသို့ ပစ်ခတ်နေမှုမှာ ကျောက်ကြီးမြို့နယ်သာမက မုန်းမြို့နယ်နှင့် ရွှေကျင်မြို့နယ်တို့တွင်လည်း ဖြစ်ပွားလျက်ရှိသည်။ ထိုပစ်ခတ်မှုကြောင့် ပြည်သူ(၂)ဦးထိခိုက်ဒဏ်ရာရရှိခြင်းအပြင် စာသင်ကျောင်းနှင့် နေအိမ်ပျက်စီးခြင်းတို့ပါ ရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟို၏ နိုဝင်ဘာလ(၁၂)ရက်နေ့ထုတ်ပြန်ချက်အရ သိရသည်။



















