Home သတင်း တနင်္သာရီတွင် တစ်လအတွင်း အရပ်သား ၂၀ ဦး သေဆုံး

တနင်္သာရီတွင် တစ်လအတွင်း အရပ်သား ၂၀ ဦး သေဆုံး

588
Photo: နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

နိုဝင်ဘာ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသအကြီးတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက လက်နက်ကိုင်တပ်ဖွဲ့ပေါင်းစုံ၏ ဖမ်းဆီးသတ်ဖြတ်မှုများကြောင့် ဒေသခံပြည်သူ ၂၀ ဦး သေဆုံးသွားသည်ဟု သုတေသနအဖွဲ့တစ်ခုဖြစ်သည့် FE5 Thanintharyi ၏ နိုဝင်ဘာလ ၁၉ရက်နေ့က ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးမှု ပြန်လည်ရယူနိုင်ရေး အတွက် စစ်ကြောင်းထိုးခြင်း၊ ဒေသခံများကို လမ်းပြအဖြစ်ခေါ်ဆောင်ကာ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အရပ်သား ပြည်သူများကို ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများကြောင့် ဒေသခံအများစုသေဆုံးခဲ့ခြင်းကြောင်း တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။

“အဓိကကတော့ စစ်ကြောင်းထိုးချိန် လူဒိုင်းကာအဖြစ်ခေါ်ဆောင်ခံရတာကြောင့် သေဆုံးရတယ်။ အရပ်သားတွေ ကို အဓိကပစ်မှတ် ထားလာတယ်။ ပြီးတော့ ဒရုန်းတွေကိုအဓိက အသုံးပြုလာတာကြောင့်လည်း ပါတယ်။ ပြည်သူ တွေအနေနဲ့လည်း ပွင့်လင်းရာသီကိုရောက်လာပြီး ဖြစ်တဲ့အတွက် စစ်ရေးအသိ၊ သတိတွေ ထားကြဖို့ကို အကြံပြု လိုပါတယ်” ဟု ဒေသခံအများစု သေဆုံးနေရသည့်အပေါ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင် တနင်္သာရီတိုင်းအတွင်းရှိ ပုလော၊ သရက်ချောင်းနှင့် လောင်းလုံး မြို့နယ်များတွင် စစ်ကောင်စီတပ်က အဓိက စစ်ကြောင်းထိုးမှုများကို လုပ်ဆောင်ပြီး အရပ်သား ၈ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို သတ်ဖြတ်ပြီးပါက အလောင်းဖျောက်ပစ်ခြင်းများကိုပါ လုပ်ဆောင်ခဲ့သည်ဟု FE5 Thanintharyi အဖွဲ့ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ထို့အပြင် ပြည်သူ့စစ်(ပျူစောထီး) အဖွဲ့များ ၏ လုပ်ရပ်ကြောင့် အသက် ၆ နှစ်အရွယ် နှင့် (၇) နှစ်အရွယ် ကလေး ငယ်နှစ်ဦး အပါအဝင် အရပ်သား ၁၂ ဦးလည်းထပ်မံ သေဆုံးခဲ့ရဟုလည်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

အလားတူ ပြီးခဲ့သည့် လပိုင်းတုန်းကလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ဒလန်ရှင်းလင်းရေးကြောင့် ကော့သောင်းမြို့နယ် (၁၉) မိုင်ကျေး ရွာမှ ပျူစောထီးဦးနောင်နီနှင့် ဦးဘဦးတို့ သေဆုံးခဲ့သည့်အပြင် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကော်သူးလေအာမီ- KTLA က အကြောင်းမဲ့ သတ်ဖြတ်မှုများကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့သည်ဟု အစီရင်ခံစာက ဆိုထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် များနှင့် လက်အောက်ခံ အဖွဲ့ အစည်းများ ၏ သတ်ဖြတ်မှုများကြောင့် အရပ်သားပြည်သူ ၁၇ ဦး သေဆုံးခဲ့သေးကြောင်း FE5 Tanintharyi ၏ ထုတ်ပြန်ချက်များအရ သိရသည်။