နိုဝင်ဘာလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့ပြင်နေရာများနှင့် အာရှလမ်းသစ်လမ်းပိုင်းအား ပြန်လည်ထိန်းချုပ်နိုင်ရန် တိုက်ခိုက် စစ်ဆင် နေသည့် အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့များကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၂ ဌာနချုပ်နှင့် ခြေလျင်တပ်ရင်း -ခလရ ၉၇ တပ်ရင်းမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်သည့် နည်းစနစ်ဖြင့် ပုံစံပြောင်း တိုက်ခိုက်မှုပိုမိုလုပ်ဆောင်လာနေကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။
ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသည့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ဒရုန်းတိုက်ခိုက်ရေးတာဝန်ရှိသူတစ်ဦးက “စစ်တပ်က ၉၇ ကုန်းကနေဒရုန်းတွေ တက်တက်လာတယ်။ ဓါတ် ဗူးလုံးလောက်ရှိတဲ့ ဗုံးသီးတွေလာလာကြဲချတယ်။ တစ်ခါလာရင် ၄၊ ၅စီး လောက်လာချတယ်။ ကျနော်ဘက်က ဒရုန်းဂျန်ပါ သေနတ်နဲ့ ပြန်ပစ်ချလို့ ပျက်ကျတာမျိုးလည်း ရှိတယ်ပေါ့လေ။ ကျနော်တို့ ဒရုန်းဆိုရင်လည်း သူတို့ ဂျန်ပါတိုင်ကြောင့် ပျက်ကျတာမျိုးလည်း ရှိတယ်။” ဟု ပြောသည်။
ထိုသို့ နှစ်ဖက်တပ်ဖွဲ့များ ဒရုန်းအသုံးပြု တိုက်ခိုက်မှုကြောင့် အထိအခိုက်အကျဆုံးရှိမှုမြင့်တက်လာနေပြီး မြေပြင်တိုက်ခိုက်ရေး စစ်ကြောင်းများအနေဖြင့် ဒရုန်းဖျက်ဂျန်ပါစက်များ၊ ဒရုန်းပစ်ချနိုင်သည့် ရေဒီယိုလှိုင်းဖြတ် သေနတ်များအသုံးပြုရန်လိုအပ်ချက်ရှိနေသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုသည်။
“အဓိကကတော့ သူ့နည်းပညာသာတဲ့ပစ္စည်းသုံးပြီး ကျနော့်တို့ကို လုပ်လိုက်၊ ကျနော်တို့ ဘက်က လည်း ဂျန်ပါ ကျော်ပြီး ဗုံးချလို့ရတဲ့ဒရုန်းနဲ့ သွားပစ်ချလိုက်အဲ့သလိုမျိုး တိုက်နေတာပေါ့နော်” ဟု အဆိုပါ တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ ဒရုန်းတိုက်ခိုက်ရေးတာဝန်ရှိသူက ဆက်ပြောသည်။

လတ်တလောတွင် ကော့ကရိတ် စစ်ကောင်စီတပ်ရင်း နေရာများဖြစ်သော လှိုင်ဝအမြောက်ကုန်း၊ စကခ ၁၂ မစ်ဇိုင်းအမြောက်ကုန်း၊ ခလရ ၉၇ တပ်ဟောင်ဝှစ်ဇာ မြောက်ကုန်းနေရာများမှ ကျေးရွာများဘက်သို့ ၎င်းအာရှလမ်းသစ်နှင့် ဒေါနတောင်လမ်းဟောင်း ဘက်အခြမ်းရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်မှုနေ့စဉ်ဆက်ရှိနေကြောင်း ဒေသခံရွာသားများက ပြောသည်။
“လက်နက်ကြီးက နေ့ဘက်ပစ်၊ ညဘက်ပစ်ခြောက်ပစ်တာပေါ့၊ သူတို့ နေရာတွေကို ကပ်မလာ အောင်ပစ် ခြောက်တယ်။ အိမ်တွေထိကျွဲနွားထိ၊ လူလည်းရှောင်မနေရှောင်မအိပ်တဲ့သူထိတာမျိုးလည်းရှိတယ်။ လှိုင်စိမ်း၊ ကောင်းမှု၊ တောင်သုံးလုံး၊ ဘက်လည်းပစ်တယ်။ နန်းရွှေမှုံ ၊ အံကောင်ဘက်လည်းပစ်ထုတ်တယ်။ ” ဟု ကော့ကရိတ် ခနိမ်းမူ ကျေးရွာသားတစ်ဦးက ပြောသည်။
ယခုနိုဝင်ဘာလအတွင်းတွင် ကြာအင်းဆိပ်ကြီး အနန်းကွင်းစစ်ဗျူဟာ၊ ကော့ကရိတ် စစ်ကောင်စီတပ်၊ ကျုံဒိုး စစ်ကောင်စီတပ်၊ အာရှလမ်းမအောင် ဇေယျစစ်ကြောင်းနှင့် ဖာပွန်စစ်ကောင်စီဗျူဟာကုန်း နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ နှင့် တိုက်ပွဲ ဆက်ဖြစ်နေကြောင်း သိရှိရသည်။



















