နိုဝင်ဘာလ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်/ တပ်မဟာ(၃)နယ်မြေ၊ မုန်းမြို့ နယ်(ကျောက်ကြီးမြို့နယ်)အတွင်းရှိ စစ်ကောင်စီ၏ လက်နက်ကြီးတိုက်ခိုက်မှုနှင့် သဘာဝဘေး အန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရသော ကျေးရွာနှစ်ရွာကို ပြီးခဲ့သည့် နိုဝင်ဘာလ (၁၂) ရက်နေ့က ကရင်လူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးရုံး (KORD)အဖွဲ့မှ ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်ဟု ကေအဲန်ယူဗဟိုက နိုဝင်ဘာလ ၁၉ ရက်၊ ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
မုန်းမြို့နယ်အတွင်းရှိ အိမ်ခြေစုစုပေါင်း ( ၂၇၈) လုံးရှိ မိဿလင်ကျေးရွာနှင့် ဆေးပုလဲကျေးရွာမှ လူဦးရေ (၁,၄၈၄) ဦးကို KORD နှင့် ညောင်လေးပင်ခရိုင်မှ ကေအဲန်ယူတာဝန်ရှိသူများ ပူးပေါင်း၍ ငွေကျပ်(၁၄၀,၉၈၀,၀၀၀) အား အိမ်ရှိမိသားစုဝင်တစ်ဦးချင်းစီကို ကူညီထောက်ပံ့ပေးခဲ့ခြင်း ဖြစ်သည်ဟု ကေအဲန်ယူ၏ မုန်းမြို့နယ်တာဝန်ရှိသူက ပြောသည်။
“အိမ်ထောင်စုတစ်စုရဲ့ မိသားစုဝင်တစ်ဦးစီကို ကျပ်(၇) သောင်းခွဲစီပေးတယ်။ လူဦးရေများတော့ ထောက်ပံ့ကြေးက လုံလောက်မှုမရှိပေမယ့် တော်တော်လေးသက်သာပါတယ်။ ကျနော်တို့ တင်ထား တဲ့စာရင်းနဲ့ တကယ်မြေပြင်မှာရှိနေတဲ့လိုအပ်ချက်က နည်းနည်းကွာဟမှုရှိသွားတော့ အားလုံး အဆင်ပြေအောင် တစ်ဦးချင်းစီပေးလိုက်တာ။ အဲ့လိုဆိုတော့ တစ်အိမ်ထောင်မှာ (၁၀) ယောက်ရှိရင် (၇) သိန်းခွဲရတာပေါ့။ ” ဟု မုန်းမြို့နယ်၏ တာဝန်ရှိသူက ကေအိုင်စီသို့ ပြောသည်။
လူသားချင်းကူညီထောက်ပံ့မှု ဖြင့်ပြုလုပ်သည့် အစီအစဥ်အတွက် (KORD) အဖွဲ့ဝင်များနှင့် ခရိုင် အတွင်းမှ တာဝန်ရှိ ခေါင်းဆောင်များက ထောက်ပံ့ကြေးများအား ပြည်သူလူထုများ၏ လက်ထဲသို့ တိုက်ရိုက်အပ်နှံပေးခဲ့ကြောင်းလည်း ၎င်းတာဝန်ရှိသူ၏ ဖြည့်စွက်ပြောပြချက်အရ သိရသည်။

ငွေကြေးသွားရောက်ထောက်ပံ့ခဲ့သည့် ကျေးရွာများမှာ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများ ခံခဲ့ရသည့်ကျေးရွာများဖြစ်သည့်အပြင် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ကြောင့် စားဝတ်နေရေး အကြပ်အတည်းများ ပိုမို ကြုံတွေ့နေရသော ရွာများလည်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညောင်လေးပင်ခရိုင်တွင် မုန်းမြို့နယ်၊ ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ် စသည့် မြို့နယ်(၃)ခုပါဝင်ပြီး ထိုမြို့နယ်အတွင်းရှိကျေးရွာအများစုမှာ စစ်တပ်အာဏာ သိမ်းပြီး နောက်ပိုင်းကတည်းက လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခံရမှုများကို တွေ့ကြုံလာရသည်။
ထို့ကြောင့် ရွာအများစုမှဒေသခံများမှာ နေရပ်တိမ်းရှောင်ထွက်ပြေးကြရပြီး ညောင်လေးပင်ခရိုင်ရှိ စစ်ရှောင်အရေအတွက်မှာလည်း တဖြည်းဖြည်းတိုးမြင့်လာရာ ယခု၂၀၂၄ခုနှစ် ဇွန်လအထိ စစ်ရှောင်ဦးရေ ၄ သိန်းကျော်ရှိကြောင်း ကေအဲန်ယူ-ဗဟို၏ စာရင်းများအရ သိရသည်။
ကေအဲန်ယူအနေဖြင့်လည်း စစ်ဘေးရှောင်များအတွက် KORD ကဲ့သို့ လူမှုအဖွဲ့အစည်းအတွင်း လက်ခံထားသော အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လူသားချင်းစာနာ ကူညီထောက်ပံ့မှုအစီအစဥ်များ ပြုလုပ်လျက်ရှိသော်လည်း ခရိုင်တစ်ခုလုံးရှိ စစ်ရှောင်များအား လက်လှမ်းမီအောင် ထောက်ပံ့နိုင်ရေးမှာ လိုအပ်ချက်ရှိနေဆဲဖြစ်သည်။



















