Home တွေ့ဆုံမေးမြန်းခန်း KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့နှင့် ဆက်သွယ်မေးမြန်းချက်။

KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့နှင့် ဆက်သွယ်မေးမြန်းချက်။

138
Photo: Plawwathoe

“ဖာပွန်ဗျူဟာစခန်းနဲ့ခေါပုတ်စခန်းက သူတို့အမှီသဟဲ အားကိုးအားထားပြုနေကြတဲ့ စခန်းတွေပါ။ ခေါပုတ်စခန်းကဆို စတည်ထောင်က ၁၉၉၂ ကတည်းက တည်ထောင်လာတဲ့ စခန်းကြီး။ စစ်တပ်အတွက် အဓိက အရေးကြီးတဲ့ စခန်းကြီးဖြစ်တယ်။ ဖာပွန်ဗျူဟာအတွက်လည်း အကာဖြစ်နေတယ်” ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့/ KNU တပ်မဟာ (၅) ပြောခွင့်ရသူ

KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့နှင့် ဆက်သွယ်မေးမြန်းချက်။

နိုဝင်ဘာ ၁၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲဖြစ်ပွားမှု အပြင်းထန်ဆုံး နယ်မြေတစ်ခုဟုဆိုနိုင်သည့် KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်ရှိ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များသည် ပြီးခဲ့သည့်အောက်တို ဘာလပိုင်းက စစ်ကောင်စီ တပ်၏အင်အားကြီး ခေါပုတ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

လက်ရှိ၌ ဖာပွန်ခရိုင်အတွင်း စခန်းသိမ်းတိုက်ပွဲ ဆက်တိုက်ဆင်နွှဲလာရာတွင် တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီစခန်းများ အခြေအနေ၊ ခရိုင်တစ်ခုလုံးအားဖြင့် စစ်ကောင်စီတပ် ကင်းစင်ရေး မျှော်မှန်းချက်စသည် အခြေအနေတို့ကို သိရှိနိုင်ရန် KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒို့နှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ လက်ရှိ ဖာပွန်ခရိုင်ထဲမှာ အင်အားကြီး စစ်ကောင်စီတပ်စခန်းနဲ့ စခန်းသေး ဘယ်နှစ်ခုလောက် ရှိ‌နေပါလဲ။ စစ်ကောင်စီတပ် အင်အားကရော အာဏာသိမ်းစ ကာလနဲ့ယှဉ်ရင် ဘယ်လောက်ထိ လျော့နည်းသွားပါလဲ။
ဖြေ။ ။ အဓိက ကတော့ သူတို့အခေါ် ခြေကုပ်စခန်းပေါ့နော်။ အဲဒီ သူတို့သတ်မှတ်တဲ့ ခြေကုပ်စခန်းက ၁၁ ခု လောက် ကျန်သေးတယ်။ အဲဒါ ကာကင်းစခန်းလေးတွေ မပါဘူး။ ကာကင်းစခန်းလေးတွေလည်း လေးငါးလုံးလောက်ရှိမယ်။ စစ်ကောင်စီရဲ့တပ်အင်အားက သူတို့ အာဏာမသိမ်းခင်ကနဲ့ယှဥ်ရင် အတော်ကလေး လျော့နည်းသွားတယ်လို့ ပြောလို့ရတယ်။ ထက်ဝက်နီးနီးလောက် လျော့မယ်လို့ ခန့်မှန်းရတာပေါ့နော်။

မေး။ ။ စစ်ကောင်စီရဲ့ခေါပုတ်စခန်းကျပြီးနောက် ဖာပွန်ဗျူဟာဘက်က စစ်ကောင်စီ အခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ဖာပွန်ဗျူဟာစခန်းနဲ့ ခေါပုတ်စခန်းက သူတို့အမှီသဟဲ အားကိုးအားထားပြုနေကြတဲ့ စခန်းတွေပါ။ ခေါပုတ်စခန်းကဆို စတည်ထောင်က ၁၉၉၂ ကတည်းက တည်ထောင်လာတဲ့ စခန်းကြီး။ စစ်တပ်အတွက် အဓိက အရေးကြီးတဲ့ စခန်းကြီးဖြစ်တယ်။ ဖာပွန်ဗျူဟာအတွက်လည်း အကာ ဖြစ်နေတယ်။ ဟိုးကမ်းနားမှာရှိနေတဲ့ စခန်းအတွက်လည်း ခြေကုပ်အနေနဲ့ရှိတဲ့ စခန်းကြီးဖြစ်တယ်။ အခုလို ခေါပုတ်စခန်းကျသွားတော့ ဖာပွန်ဗျူဟာ စခန်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနေနဲ့ စိတ်ထိခိုက်ပြီး စိတ်ဓါတ်ကျနိုင်တယ်လို့ သုံးသပ်လို့ရတယ်။

မေး။ ။ အာဏာသိမ်းပြီးကတည်းက ဖာပွန်ခရိုင်တခုလုံးက စစ်ကောင်စီတပ်စခန်းတွေကို KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်တဲ့ တိုက်ပွဲတွေ ဆင်နွှဲလာခဲ့တာကိုကြည့်ရင် စစ်ရေးရည်မှန်းချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ စစ်ကောင်စီက တိုင်းပြည်အာဏာသိမ်းပြီးနောက်ပိုင်း KNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ စစ်ကောင်စီတပ်စခန်း တစ်ခုပြီးတစ်ခု တိုက်ခိုက်သိမ်းလိုက်တဲ့ အဓိက စစ်ရေးရည်မှန်းချက်ကတော့ မူတြော်ခရိုင်၊ တပ်မဟာ (၅) ဒေသအတွင်းမှာရှိတဲ့ စစ်အာဏာရှင်အုပ်စုရဲ့ တပ်စခန်းနဲ့ အုပ်ချုပ်မှုကင်းစင်ရေး ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ နိုင်ငံရေးနဲ့အုပ်ချုပ်ရေးမှာ တာဝန်ရှိတဲ့လူတွေ လက်ထဲမှာရှိတယ်။

မေး။ ။ ဖာပွန်ခရိုင်တစ်ခုလုံးဟာ စစ်ကောင်စီကင်းစင်တဲ့နယ်မြေဖြစ်ဖို့ နီးကပ်လာပြီလား။ လာမယ့်နှစ်တွေ အတွက် ဘာတွေမျှော်လင့်လို့ရပါလဲ။
ဖြေ။ ။ လက်ရှိအနေအထားရတော့ စစ်ကောင်စီတပ်စခန်း အတော်လျော့နည်းသွားပြီ။ ဒီပုံစံအတိုင်းသာ အခြေအနေက ပေးအပ်နေမယ်ဆိုရင် စစ်ကောင်စီတပ်စခန်း ကင်းစင်ဖို့ အလားအလာရှိတယ်။

မေး။ ။ လက်ရှိမှာ စစ်ရှောင်နေရတဲ့ ဖာပွန်ခရိုင်ထဲက ပြည်သူလူထုအတွက် KNU တပ်မဟာ (၅) ဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ အပိုင်းနဲ့ လိုအပ်ချက် အဓိက ဘာရှိသလဲသိပါရစေ။
ဖြေ။ ။ လက်ရှိ မူတြော်ခရိုင်၊ ဖာပွန်ဒေသထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (KORD) နဲ့ ကရင်ပြည်တွင်းဌာနေစွန့်ခွာ တိမ်းရှောင်သူများ ရေးရာကော်မတီ (CIDKP) လူမှုရေးအဖွဲ့အစည်းတွေက MCDMC ရဲ့ ဦးဆောင်မှုနဲ့အတူ အကူအညီရှာဖွေ ကူညီထောက်ပံ့ခဲ့ပါတယ်။ ပြည့်စုံလုံလောက်မှုတော့ မရှိပါဘူး။ အသက်ရှင် ရပ်တည်နိုင်ရုံလောက်ပဲရှိတယ်။