Home သတင်း ABSDF ၏ ၃၆ နှစ်မြောက် နှစ်ပတ်လည်နေ့ နယ်စပ်လွတ်မြောက်နယ်မြေတွင် ကျင်းပ

ABSDF ၏ ၃၆ နှစ်မြောက် နှစ်ပတ်လည်နေ့ နယ်စပ်လွတ်မြောက်နယ်မြေတွင် ကျင်းပ

599
Photo- KIC

နိုဝင်ဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF ၏ ယနေ့ နိုဝင်ဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့ကို ထိုင်း-မြန်မာနယ်စပ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခြေခံစစ်သင်တန်း အပတ်စဥ်(၁၂) ၏ သင်တန်းဆင်းပွဲ အခမ်းအနားနှင့်တကွ ပူးတွဲပြုလုပ်သည့် ABSDF ၏ (၃၆)နှစ်မြောက်ကို ယနေ့နံနက် (၆)နာရီဝန်းကျင်က ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌရဲဘော်သံခဲ၊ အထွေအထွေအတွင်းရေးမှူး ရဲဘော်ဆန်နီအပါအဝင် သင်တန်းဆင်း သင်တန်းသားများ၊ တပ်ဖွဲ့ဝင်များ ပါဝင်တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

“နှစ်ပေါင်း(၃၆)နှစ်တာ ဖြတ်သန်းခဲ့ရတဲ့ မကဒတ ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကို ကျနော် တို့ပြုလုပ်ခြင်းဖြစ်ပါတယ်။ ရှေ့ဆက်လို့လည်း ကျနော်တို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုက ရေစီပြည်ထောင်စုကို မရောက်ခင် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် ချေမှုန်းသွားမှာဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေးလမ်းစဥ်အားဖြင့်လည်းကောင်း၊ အဖွဲ့အစည်းက ချမှတ်ထားတဲ့လမ်းစဥ်အတိုင်း ဖက်ဒရယ်အတွက် ဆက်အကောင်အထည်ဖော်သွားမှာပါ” ဟု ABSDF ၏ စစ်ဦးစီးအဖွဲ့(၁)၊ စစ်ဦးစီး(ရေး) ရဲဘော်မင်းမင်းဦးက ဆိုသည်။

Photo- KIC

အခမ်းအနားတွင် စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့ဝင်များမှ ABSDF ၏ ဥက္ကဋ္ဌ အားအလေးပြုခြင်း၊ ဥက္ကဋ္ဌမှ (၃၆)နှစ်မြောက် နှစ်ပတ်လည်နေ့မိန့်ခွန်းပြောကြားခြင်း၊ နှစ်ပတ်လည်နေ့သို့ ပေးပို့လာသည့် သဝဏ် လွှာများကို ဖတ်ကြားခြင်း၊ ABSDF ၏ ရဲဘော်ဟောင်း တစ်ဦးမှ ဂုဏ်ပြုအမှတ် တရစကားပြောကြားခြင်း၊ စစ်ရေးပြဂုဏ်ပြုတပ်ဖွဲ့ ပြန်လည်ထွက်ခွာခြင်း စသည့် အစီအစဥ်(၇)ရပ်ဖြင့် အခမ်းအနားပြုလုပ်ခဲ့သည်။

ထို့နောက် သင်တန်းဆင်းသင်တန်းသူ၊ သင်တန်းသား(၁၈)ဦးတို့မှ ကျမ်းသစ္စာကျိန်ဆိုခြင်းပြီးနောက် အမှတ်တရဓာတ်ပုံရိုက်ကူးမှုများ ပြုလုပ်၍ တက်ရောက်လာသော ရဲဘော်များ၊ ဧည့်သည် တော်များအား အကျွေးအမွေးဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။

အခမ်းအနားသို့ တက်ရောက်လာသည့် ABSDF တပ်ဖွဲ့ဝင်တစ်ဦးက “ကျနော်တို့ မကဒတ ကို ၁၉၈၈ ခုနှစ်မှာ စတင်တည်ထောင်ပေးခဲ့တဲ့ နောင်တော်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ တော်လှန်ရေးနဲ့ ပတ်သက်ပြီး စပြီးသူတို့ခင်းကျင်းတည်ထောင်ခဲ့ကြတဲ့အပေါ် ကျေးဇူးတင်တယ်။ သူတို့ရဲ့ရပ် တည်ချက်နဲ့လမ်းစဥ်တွေအကုန်လုံးကိုလည်း ကျနော်တို့နှစ်သက်ပါတယ်။ သူတို့ခင်းထားတဲ့လမ်းကို ကျနော်တို့အဆုံးထိလျှောက်သွားမှာပါ” အခမ်းအနားတွင် ပြောသည်။

Photo- KIC

ABSDF ကို ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် စစ်တပ်ကိုတော်လှန်ကြသော ကျောင်းသားမျိုးဆက်များဖြင့် (၁၉၈၈)ခုနှစ်၊ နိုဝင်ဘာလ(၁)ရက်နေ့တွင် စတင်ဖွဲ့စည်းတည် ထောင်ခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်များအဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ လက်ရှိအချိန်ထိ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးလုပ်ဆောင်လျက်ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များအပြင် ABSDF အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့်လည်း ပြီးခဲ့သည့် စက်တင်ဘာလ(၁၂)ရက်နေ့တွင် နိုင်ငံရေး၊ စစ်ရေး၊ လူထုစည်းရုံးရေးနှင့် ဘဏ္ဍာရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားရန် နားလည်မှုစာချွန်လွှာရေးထိုးခဲ့ပြီး လုပ်ငန်းစဥ်များကို ဆက်လက်အကောင်ထည်ဖော်ဆောင်နေကြောင်း သိရသည်။

ABSDF ၏ (၃၆)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် လွတ်မြောက် နယ်မြေတစ်နေရာ၌သာမက ABSDF ၏ တပ်ရင်း၊ တပ်စခန်းများတွင်ပါ ပြုလုပ်ကျင်းပခဲ့သည်။