Home သတင်း အနန်းကွင်းတွင် နှစ်ရက်ဆက် တိုက်ပွဲပြန်လည် ပြင်းထန်နေ

အနန်းကွင်းတွင် နှစ်ရက်ဆက် တိုက်ပွဲပြန်လည် ပြင်းထန်နေ

956
ပုံဟောင်း- ပြီးခဲ့သည့် စက်တင်ဘာလတုန်းက လွှတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်နိုင်ခဲ့စဉ်။ ( Photo: Rain Could)

နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင်/တပ်မဟာ(၆)၊ ဝင်းရေးမြို့နယ် အနန်းကွင်းစခန်းနှင့် အနီးဝန်းကျင်တို့တွင် နှစ်ရက်ဆက်တိုက်ပွဲပြန်လည် ပြင်းထန်နေပြီး ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် စစ်ကောင်စီဘက်မှ လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်လာနေသည်ဟု ဒေသတွင်းရှိ ဒေသခံများက ပြောသည်။

ယမန်နေ့ နိုဝင်ဘာ ၄ ရက်နေ့မှ စတင်၍ အနန်းကွင်းစစ်ကောင်စီတပ်စခန်း၊ ဇီးနှစ်ပင်ရွာနှင့် ဂျပန်တောင်နေရာ စသည့် ၃ နေရာတွင် တိုက်ပွဲပြင်းထန်လာသည့်အပြင် လေကြောင်းပစ်ခတ်မှု၊ ဒရုန်းပစ်ခတ်မှုနှင့် လက်နက်ကြီး လက်နက်ငယ်များ ပစ်ခတ်မှု ပိုများလာနေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

လွှတ်ရှမ်းရွာဒေသခံတစ်ဦးက “မနေ့ကစပြီး တိုက်ပွဲတော်တော် ပြန်ပြင်းထန်လာတယ်။ ပြီးတော့ ဝဲကလိ အမြောက်တပ်ကနေပစ်ပြီး ကျနော်တို့ လွှတ်ရှမ်းရွာ အနောက်ဘက်အထိ လက်နက်ကြီးပစ်တာရောက်လာ တယ်။ အနီးနားဝန်းကျင်ရွာတွေမှာလည်း ကျတယ်။ ပြီးတော့ ဇီးနှစ်ပင်ရွာဘက်မှ ဒီနေ့ ရဟတ်ယာဉ်နဲ့ လာပစ် တယ်။ တစ်မနက်လုံးပဲ အသံကြားတယ်။ ထိခိုက်မှုတွေတော့ မသိရသေးဘူး။ ပစ်ခတ်မှုအခြေအနေပဲ သိရ သေးတယ်” ဟု ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

အနန်းကွင်း စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ တော်လှန်ရေး ပူးပေါင်းတပ်တို့မှ စခန်းသိမ်းနိုင်ရန် ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် ယခုလို တိုက်ပွဲပြင်းထန်လာခြင်း ဖြစ်သည်။ ထို့အပြင် လွှတ်ရှမ်းရွာမှ ပြန်ဆုတ်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇီးနှစ်ပင်ကျေးရွာအနီး၌ တပ်စွဲထားပြီး KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပိတ်ဆို့တိုက်ခိုက်သည့်အတွက် ထပ်မံတိုက်ပွဲ ပြင်းထန်လာခြင်း ဖြစ်သည်။

ပုံဟောင်း- ပြီးခဲ့သည့် စက်တင်ဘာလတုန်းက လွှတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်နိုင်ခဲ့စဉ်။ ( Photo: Rain Could)

ထိုစခန်းရှိ စစ်ကောင်စီတပ်အတွက် ရေး-ထားဝယ် အာရှလမ်းမကြီးနှင့် တစ်မိုင်ခန့်သာရှိသည့် ဂျပန်တောင်၌ စစ်ကူအင်အား တစ်ရာကျော် ရောက်လာရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ သွားရောက် ပိတ်ဆို့ တိုက်ခိုက်နေပြီး တစ်ဆက်တည်း ထိုဒေသတွင် တိုက်ပွဲပြန်လည်ပြင်းထန်လာခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် အဆိုပါ စစ်ကောင်စီတပ်များအတွက် ဝဲကလိရှိ စစ်ကောင်စီတပ်ဘက်မှ စစ်ကူအမြောက်လက်နက်ကြီး များဆက်တိုက်ပစ်ခတ်သည့်အပြင် လေယာဉ်ဖြင့်စစ်ကူပစ်ခတ်မှု လုပ်ဆောင်ပေးနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ စစ်ကူပစ်ခတ်မှုများကြောင့် စစ်ကောင်စီမရှိတော့သည့် လွတ်ရှမ်းကျေးရွာကို ရွာခံပြည်သူများ ပြန်မနေထိုင်ရဲသေးသလို ထိုစစ်ကောင်စီတပ်ဖွဲ့များ ပြန်သွားနေသည့် ဇီးနှစ်ပင်ရွာတွင်လည်း ဒေသခံများ ရွာလုံး ကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထို့အပြင် ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့က ကြာအင်းဆိပ်ကြီ- ဘုရားသုံးဆူလမ်း ထီးခိုင်ကျေးရွာအနီးသို့ စစ်ကောင်စီတပ်ဘက်မှ ဂျက်လေယာဉ် ၂ စီးဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး လူမနေသည့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးသွားသည်ဟု ဒေသခံများထံမှ သိရသည်။