Home သတင်း ရွှေ့ပြောင်း ကျောင်းသူ၊ကျောင်းသားများ စိတ်ကျန်းမာရေးအပိုင်း ပြန်အသုံးချနိုင်ရေး ပညာပေးမှု ပြုလုပ်

ရွှေ့ပြောင်း ကျောင်းသူ၊ကျောင်းသားများ စိတ်ကျန်းမာရေးအပိုင်း ပြန်အသုံးချနိုင်ရေး ပညာပေးမှု ပြုလုပ်

715

နိုဝင်ဘာ ၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

နယ်စပ်ဒေသ မြန်မာရွှေ့ပြောင်းကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများ စိတ်ကျန်းမာရေးအပိုင်းကို လက်တွေ့ဘဝတွင် ပြန်လည်အသုံးချနိုင်ရေးအတွက် အသိပညာပေးပွဲတစ်ခုကို နှလုံးသားရပ်ဝန်း (Empathy Realm Organization)က ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်နေရာ၌ ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။

ရွှေ့ပြောင်းကျောင်းများတွင် ပညာသင်ယူနေသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စိတ်ကျန်းမာရေး (Mental Health )နှင့် ပတ်သက်၍ လက်တွေ့ဘဝတွင် မိမိကိုယ်ကို ကာကွယ်အသုံးချနိုင်ရန်အပြင် အသိအမြင် တိုးပွားလာပြီး ခွဲခြားသုံးသပ်နိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု (Empathy Realm)မှ တာဝန်ရှိသူ ကို သူရရဲထွဋ်က ယခုလို ပြောသည်။

“ဒီနေ့က ရွှေ့ပြောင်းကျောင်းတွေမှာရှိတဲ့အသက် ၁၅ နှစ်နဲ့ ၂၀ ဝန်းကျင်မှာရှိတဲ့ ကျောင်းသူကျောင်းသားတွေကို ကိုယ့်ရဲ့စိတ်ကျန်းမာရေးရဲ့ အရေးကြီးပုံတွေ ကျန်းမာရေးကနေ့စဉ်ဘဝမှာ ဘယ်လောက်အထိ အရေးပါနေလဲ ဆိုတာရယ်တွေကို ဘယ်လိုထိန်းချုပ်ရမလဲ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုရင်ဖွင့်ရမလဲဆိုတာတွေ ကို အပိုင်းနှစ်ပိုင်းခွဲပြီး အသိပညာတွေကို မျှဝေသွားမှာဖြစ်ပါတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အသိပညာပေးပွဲတွင် ဦးဆောင်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်စရာဂိမ်းများကို အတူတကွ ဆော့ကစားခဲ့ကြသည့်အပြင် လိင်ပိုင်းဆိုင်ရာ အသိပညာပေး (Sex Education) နှင့် ပတ်သက်သည့် အကြောင်းအရာများကိုလည်း တာဝန်ရှိသူများမှ ပြန်လည်မျှဝေအသိပညာပေးမှုများ ပြုလုပ်ခဲ့သည်။

၎င်းအပြင် လက်တွေ့ဘဝတွင် အသက် ၁၅ နှစ်မှ ၂၀ ဝန်းကျင်အတွင်း ကြုံတွေ့နိုင်သည့် စိတ်ဖိအားများကို ထိန်းချုပ်ကာ ပြန်လည်ဖြေရှင်းနိုင်ရန် နည်းလမ်းများအပြင် ကောင်းသောအတွေးအခေါ်များကို တွေးမြင်နိုင်ရန် နည်းလမ်းများကိုလည်း မျှဝေပညာပေးခဲ့သည်ဟု ပွဲအတွင်းပါဝင်ခဲ့သူ ဒေါက်တာညွန့်နိုင်သိန်း (ဒေါက်တာနိုင်)က အကြံပြုပြောဆိုသည်။

ဒေါက်တာညွန့်နိုင်သိန်းက “Every coin has two faces. ပေါ့နော်။ အကြွေစေ့တိုင်းမှာ မျက်နှာနှစ်ဖက်ရှိသလိုဘဲ ကျနော်တို့က အဆိုးဘက်တစ်ဖက်တည်းကိုမကြည့်ဘဲ positive thinking တွေကို ပြန်လည်တွေးတောပြီးတော့ ဖြစ်လာတဲ့ကိစ္စတွေကို ဖြေရှင်းနိုင်ဖို့အတွက် ရည်ရွယ်ပြီး အခုလိုလုပ်ဆောင်ကြပါလို့ အကြံပြုလိုပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နှလုံးသားရပ်ဝန်း(Empathy Realm)မှ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ (Emotional Support Pioneer Project) ပွဲ ကို ခွဲကဘောင် ကရင်အမျိုးသားကျောင်းမှ ကျောင်းသူ၊ ကျောင်းသားအယောက် ၃၀ ဦး (Empathy Realm)မှ တာဝန်ရှိသူများအပြင် စိတ်ပိုင်းဆိုင်ရာ ကျွမ်းကျင်ဆရာဝန်ကြီးများ၊ လိင်ပိုင်းဆိုင်ရာနှင့် ပတ်သက်သည့် ကျွမ်းကျင်သည့် ဆရာမများက အသိပညာမျှဝေသင်ကြားပေးခဲ့ကြောင်း သိရသည်။