Home သတင်း ထီးဖိုးစံရွာ၌ ပျောက်သွားသည့် အသက် ၂ နှစ်အရွယ်ကလေး ပြန်မတွေ့သေး

ထီးဖိုးစံရွာ၌ ပျောက်သွားသည့် အသက် ၂ နှစ်အရွယ်ကလေး ပြန်မတွေ့သေး

705
Photo: Social Media

နိုဝင်ဘာ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်/တပ်မဟာ(၇) နယ်မြေ၊ နဘူးမြို့နယ်၊ ငြိမ်းချမ်း ရေးကောင်စီ-PC ထိန်းချုပ်နယ်မြေ ထီဖိုးစံကျေးရွာ၌ ကော့ကရိတ်မြို့မှ စစ်ရှောင်လာရောက် နေထိုင်သည့် မိသားစုမှ ပျောက်ဆုံးသွားသူ အသက် ၂ နှစ်အရွယ် ကလေးငယ်ကို နှစ်ပတ်ကြာသည်ထိ ပြန်မတွေ့သေးဟု အဖွားဖြစ်သူက ပြောသည်။

အဆိုပါကလေးငယ်၏ အဖွားဖြစ်သူသည် ထီးဖိုးစံကျေးရွာ၌ လာရောက်စစ်ရှောင်ရင်း ထမင်း ဆိုင်ဖွင့်လှစ်ထားသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် အသက် ၂ နှစ်အရွယ် ဇွဲထက်(ခေါ်)မောင်ဖိုးချုပ် ဆိုင်အနီး၌ ဆော့ကစားနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်သည်။

“လိုက်မေးကြည့်တယ်၊ ဘယ်သူမှမတွေ့ဘူးဝေးတဲ့နေရာတွေကိုလည်း လိုက်မေးဖို့လည်း သွားလို့ အဆင်မပြေဘူး။ တချို့က အမျိုးမျိုးပြောတယ် တွေ့ပြီးဆိုပြီး တကယ်တော့ ကျမတို့ ပြန်မတွေ့ သေးဘူး။ ဗေဒင်တွေနဲ့လိုက်တွက်တာ နေတာသိပ်မဝေးဘူးရှိတယ်ဆိုပြီး အဲလိုတွက်ပြီး ပြောတယ်။ ပျောက်သွားတဲ့အချိန်က သူထမင်းတောင်မစား ရသေးဘူး။ ကလေးက နို့ဖြတ်ထား တာတောင်မကြာ သေးဘူး။ ကျမစားမဝင်အိပ်မပျော်ဘူး၊ နေရာတိုင်းမှာကျမ မြေးလေး ကစားစရာတွေ တွေ့ရတယ်။ ဝိုင်းကူရှာပေးကြပါလို့ ပြောချင်ပါတယ်” ဟု အဖွားဖြစ်သူက ပြောသည်။

ပျောက်ဆုံးသွားသည့် ၎င်း၏ မြေးကို ဆိုင်ကယ်တစ်စီး မောင်းနှင်လာသူ နှစ်ဦးကဆိုင်ကယ်ပေါ် တင်ဆောင်ကာ ခေါ်သွားခြင်းဖြစ်သည်ဟု အနီးအနားတွေ့ရှိသူများက ပြောဆိုသည်ဟု အဖွားဖြစ်သူက ဆက်ပြောသည်။

ကလေးပျောက်ဆုံးခြင်းနှင့်ပတ်သက်၍ နယ်မြေအတွင်းရှိ သက်ဆိုင်ရာ တာဝန်ရှိသူများထံကို သတင်း ပေးတင်ပြ ထားခြင်းရှိသော်လည်း တစ်စုံတစ်ရာထူးခြားလာခြင်းမတွေ့ရှိရကြောင်းလည်း မိသားစုဝင် ဘက်က ပြောသည်။

ထိုကလေးငယ် ဇွဲထက်(ခေါ်)မောင်ဖိုးချုပ်၏ မိခင်ဖြစ်သူသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်သည့်အတွက် ကလေးကို အဖွားဖြစ်သူကသာ ကြည့်ရှုစောင့်ရှောက်နေခြင်း ဖြစ်ပြီး ထီဖိုးစံကျေးရွာသို့ လာရောက်တိမ်းရှောင်နေထိုင်မှု တစ်နှစ်ခန့်သာရှိသေးကြောင်း သိရသည်။

မြဝတီ-ဖားအံ သွားသည့် ကားအချို့သည် ထီဖိုးစံကျေးရွာလမ်းကို ဖြတ်သွားရသည့်အတွက် ကားကြီး ကားငယ်နှင့် ဆိုင်ကယ်အများအပြားက ထိုရွာထဲကို နေ့စဉ် ဖြတ်သွားလျက်ရှိကြောင်း ရွာသားများထံမှ သိရသည်။