နိုဝင်ဘာ ၃၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်အုပ်စု၊ ရမ်းဖိုရွာရှိ ဆီအုန်းကုန်း၌ နိုဝင်ဘာ ၂၉ ရက်နေ့တွင် ကွမ်းသူခူးရန်လာစဉ် မြေမြှုပ်မိုင်းနင်းမိပြီး အမျိုးသမီးတစ်ဦး ဘယ်ဘက်ခြေဖမိုး ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ကမ်းတိုရွာနေ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးသည် ရမ်းဖိုရွာရှိ ဥယျာဉ်ခြံသို့ ကွမ်းသီးခူးရန်လာစဉ် လမ်းခုလတ် ဆီအုန်းကုန်း၌ မြေမြှုပ်မိုင်းနင်းမိပြီး ယခုလို ဒဏ်ရာရရှိသွား ခြင်း ဖြစ်သည်။
“သူ့နာမည်က သန္တာဦး၊ ရမ်းဖိုရွာက ဆီအုန်းကုန်းမှာ ကွမ်းသီးကောက်သွားရင်းနဲ့ ခြေနင်းမိုင်းနင်းမိပြီး ခြေဖဝါးပြတ်သွားတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ အမျိုးသမီး နင်းမိသည့် မြေမြှုပ်မိုင်းသည် ၁၄ မိုင်းအမျိုးအစား ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ စစ်ကြောင်းထိုးစဉ်က ထောင်ထားခဲ့ခြင်းဖြစ်သည်ဟု တော်လှန်ရေးအင်အားစု သတင်း အရင်းအမြစ်က ပြောဆိုသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိ ဖြစ်နေ သည်။
မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်၍ ဆေးကုသမှုပေးထားရပြီး ၎င်းနှင့်အတူလိုက်ပါလာသည့် အခြားဒေသခံများရှိသော်လည်း ထိခိုက်မှုမရှိကြောင်း တနင်္သာရီ အခြေစိုက် မီဒီယာတစ်ချို့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ပဋိပက္ခကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လပိုင်းကတည်းက ရမ်းဖိုတစ်ရွာလုံး နေရပ်ရွှေ့ပြောင်း နေထိုင်ကြရခြင်းဖြစ်ပြီး ဒေသခံများမှာ ကွမ်းသီးကောက်ခြင်း၊ နေအိမ်ပြန်ကြည့်ခြင်းတို့ ရံဖန်ရံခါ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောဆိုသည်။
ထိုသို့ ခေတ္တနေရပ်ပြန်ချိန် ရမ်းဖိုရွာနှင့် အနီးဝန်းကျင်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းနှင့် ကြုံကြိုက်ပါက ၎င်းတို့အတွက် ဒေသခံများအား လမ်းကြောင်းရှင်းရန် အတင်းအကြပ် ခိုင်းစေလေ့ရှိခဲ့ဖူးသည်။
မြိတ်ခရိုင်နှင့် ထားဝယ်ခရိုင်တို့သည် တနင်္သာရီတိုင်းဒေသကြီးအတွင်း ရပ်ရွာနှင့် လူသွားလူလာ နေရာများတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် လူထုထိခိုက်မှု အများဆုံး ဒေသဖြစ်သည် ဟု လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းတင်နေသည့် FE5 Tanintharyi အဖွဲ့ မှတ်တမ်း များအရ သိရသည်။
၎င်းမြေမြှုပ်မိုင်းများကြောင့် ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း ၂၄ ကြိမ်တိုင်တိုင် မြေမြှုပ် မိုင်းနင်းမိ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးသူ ဆယ်ဂဏန်းခန့်ရှိခဲ့သည်ဟု ၎င်းအဖွဲ့က ထုတ်ပြန် ပြောဆိုသည်။