Home သတင်း ကွတ်ခိုင်မြို့ ဗုံးကြဲခံရမှု ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး

ကွတ်ခိုင်မြို့ ဗုံးကြဲခံရမှု ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံး

654
Photo: TNLA

နိုဝင်ဘာ ၁၈ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းမြောက် ကွတ်ခိုင်မြို့ပေါ်သို့ စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၇ ရက်နေ့ ညသန်းခေါင်ယံချိန်တွင် လေကြောင်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးခဲ့သည်ဟု မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ယခုလို ဗုံးကြဲတိုက်ခိုက်မှုတွင် ကွက်ခိုင်မြို့ပေါ် အမှတ် ၄ ရက်ကွက်၊ ရေထွက်ဦး ပန်းခြံဈေးနှင့် ခရစ်ယာန်ဘုရား ကျောင်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အနီးရှိ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦးဗုံးစထိမှန် ဒဏ်ရာများထပ်မံ ရရှိသွားခဲ့သေးသည်။

“လာကြဲတာကတော့ ည ၁၁ နာရီဝန်းကျင်အချိန်မှာ သန်းခေါင်ကျော်အချိန်ပေါ့။ လူတွေနားတဲ့အချိန်ဆိုတော့ ရှောင်ချိန်မရလိုက်ဘဲ အခုလိုသေဆုံးမှုတွေ များကုန်တာ။ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ ကွတ်ခိုင်မြို့မှာ အခုတစ်ခေါက်နဲ့ဆို တတိယအကြိမ်မြောက် ဗုံးကြဲတာပါ”ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ် ၅ ရက်နေ့တွင် စစ်ကောင်စီက ကွတ်ခိုင်မြို့ပေါ်သို့ ဂျက်ဖိုက်တာများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံ ၆ ဦး သေဆုံးကာ ကွက်ခိုင်ဈေး၊ ဈေးဆိုင်ခန်း လေးရာခန့် မီးလောင်ပျက်စီးမှု ဖြစ်ပွားခဲ့ဖူးသည်။

အလားတူ နိုဝင်ဘာ ၁၇ ရက်နေ့တွင်လည်း မိုင်းငေါ့မြို့သို့ စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA က ယနေ့ (နိုဝင်ဘာ ၁၈) နံနက်အစောပိုင်းတွင် ထုတ်ပြန်ပြောဆိုထားသည်။

ထို့ကြောင့် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေးသတိရှိရန် လိုအပ်ကြောင်း၊ လူစုလူဝေးမပြုလုပ်ကြရန်နှင့် လေကြောင်းရန် ကာကွယ်မှုဆိုင်ရာ အသိပေး ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန်ကြရန်လိုသည်ဟု TNLA က သသိပေး ပြောဆိုထားသည်။