Home သတင်း လေးကေ့ကော် စစ်ကောင်စီ စွယ်တော်အမြောက်ကုန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ အရာရှိနှင့် စစ်သည်အချို့ထွက်ပြေး

လေးကေ့ကော် စစ်ကောင်စီ စွယ်တော်အမြောက်ကုန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်၊ အရာရှိနှင့် စစ်သည်အချို့ထွက်ပြေး

799

အောက်တိုဘာလ ၁၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့ တောင်ဘက်ရှိ စစ်ကောင်စီ အမြောက်ကုန်းစွယ်တော်ကုန်း စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက်နံနက်ပိုင်း ၄ နာရီကျော်အချိန်တွင် စခန်းတွင်းဝင်ရောက်သိမ်း ပိုက်နယ်မြေ ရှင်းလင်းနိုင် ကြောင်းစစ်ကြောင်း တာဝန်ရှိသူများက ကေအိုင်စီသို့ ပြောသည်။

” တိုက်နေတာကတော့ ၄ လလောက်ရှိပြီပေါ့၊ ဒရုန်းနဲ့ ကြဲ၊ သူတို့ကလည်းလေယာဉ်နဲ့ ဗုံးကြဲပေါ့။ အခု မနက် တော့သူတို့ ခံ မနိုင်တော့ဘူး။ စခန်းကျပြီ ၊ သူတို့တချို့ထွက်ပြေးကုန်တယ်။ လက်နက် ကတော့ရတာတွေရှိ ထားတယ်။ ဆက်ရှင်းရအုန်းမယ်နော်”ဟု KNLA မဟာမိတ်ကော်ပရာစစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီ အမြောက်ကုန်းအား သိမ်းပိုက်ပြီးသည့် ဓါတ်ပုံများကိုလည်း Cobra စစ်ကြောင်းကထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ထိုသို့ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီအရာရှိများအပါအဝင်စစ်သည်အချို့ မေတ္တာလင်းမြိုင် ရွာ ဘက် သို့ စစ်စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း မယ်ထော်သလေး ကျေးရွာစစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

၎င်းက “အမြောက်ကုန်းကတော့ ကျသွားပြီ။ အခုက ရွာသားတွေက လေယာဉ်လာကြဲမှာ ကြောက်နေကြတယ်၊ အဲ့ဒီကုန်းကစစ်သားတွေမြဝတီဘက်ထွက်ပြေးကြတယ်လို့ သိထားတယ်။ မေတ္တာလင်းမြိုင်ရွာဘက် ရောက်နေ တယ်သူတို့ တွေ၊ ဗျူဟာမှူး နဲ့ အရာရှိတွေပါတယ်တော့ ကြားတယ်”ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီစွယ်တော်အမြောက်ကုန်း စစ်စခန်းသိမ်းပိုက်ရရှိပြီးနောက် ဝေါလေစစ်ဗျူဟာစခန်း၊ ဥကရစ် ထစစ်စခန်းအပြင် မြဝတီ မြို့ကို ထိန်းချုပ်နိုင်ရန် ဆက်လက် တိုက်ခိုက်ရန်ကျန်ရှိနေသေးကြောင်း သိရှိရသည်။

ယခု သိမ်းပိုက်ရရှိသည့် အမြောက်ကုန်း စစ်စခန်းမှာ စစ်ကောင်စီက KNU တပ်မဟာ ၆ နယ် မြေအတွင်း ၂၀၀၃ ခုနှစ်က ထိုင်း-မြန်မာ နယ်ခြားစစ်စခန်းအဖြစ် လာရောက်တပ်စွဲထားသည့် စခန်း ဖြစ်ပြီး တပ်မ ၂၂ ၊တပ်မ ၄၄ အပြင် ကမ်းရိုးတန်းတိုင်းလက်အောက်ခံတပ်ရင်းများလာရောက်တပ်ထိုင်ထားသည့် စစ်စခန်းဖြစ်သည်။