Home သတင်း တနင်္သာရီတိုင်း မြို့နယ် ၃ ခုတွင် စစ်ရှောင် ၅၆,၀၀၀ ဦးထိ ရှိလာ

တနင်္သာရီတိုင်း မြို့နယ် ၃ ခုတွင် စစ်ရှောင် ၅၆,၀၀၀ ဦးထိ ရှိလာ

615
Photo: (နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)

အောက်တိုဘာ ၁၇ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြို့နယ် ၃ မြို့နယ်တွင် စစ်ကောင်စီနှင့်တော်လှန်ရေးတပ်များအကြား စက်တင်ဘာလအတွင်း ရက်ရှည်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး နေရပ်စွန့်ခွာ စစ်ရှောင်ရသူ ၅၆,၀၀၀ ဦးထိရှိ လာသည်ဟု FE5 Tanintharyi က လစဉ်အစီရင်ခံစာ ထုတ်ပြန်ထားသည်။

အဆိုပါ တိုင်းအတွင်းရှိ တနင်္သာရီမြို့နယ်၊ လောင်းလုံးမြို့နယ်၊ ပုလောမြို့နယ်များအတွင်းရှိ ကျေးရွာ များသို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် တော်လှန်ရေးတပ်များနှင့် စက်တင် ဘာလအတွင်း စုစုပေါင်း တိုက်ပွဲ ၇၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ဒေသခံများ ယခုလို နေရပ်စွန့်ခွာ စစ်ရှောင်နေရခြင်း ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီတပ်များက တနင်္သာရီတိုင်းအတွင်း ဆေးဝါးနှင့်ရိက္ခာသယ်ဆောင်ခွင့်များကို ပိတ်ဆို့ထား သည့်အတွက် နေရပ်စွန့်ခွာ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများ လိုအပ်နေပြီး ကူညီသူများအနေဖြင့် ပစ္စည်းများသယ်ယူပို့ဆောင်ရာတွင် ပိုမိုခက်ခဲလာသည်ဟု မြေပြင် စစ်ဘေးရှောင်တာဝန်ခံများက ပြောဆိုသည်။

Photo: (နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)

“တော်လှန်ရေးကာလ ကြာလာလေ စစ်တပ်ကရိက္ခာသယ်ဆောင်ခွင့်တွေကို ပိတ်ဆို့တာတွေကို ပိုပြီးတော့ လုပ်ဆောင်လာတယ်။ ဒါပေမဲ့တိုင်းအတွင်းက တော်လှန်ရေးတပ်တွေ အားကောင်း တဲ့နေရာမှာတော့ တော်လှန်ရေးအဖွဲ့တွေက ပြည်သူတွေလှူထားတာတွေကို တတ်နိုင်သလောက် စစ်ဘေးရှောင်ပြည်သူတွေကို ပြန်လှူတာမျိုးတွေတော့ရှိတယ်” ဟု မြေပြင်စစ်ရှောင်းတာဝန်ခံ တစ်ဦးက အောက်တိုဘာ ၁၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခုလအတွင်း စစ်ကောင်စီက စစ်ကြောင်းထိုးစဉ် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူနေအိမ် ၉၄ လုံးအထိ အနည်းဆုံးပျက်စီးခဲ့ပြီး စစ်ကြောင်းထိုးချိန် ပစ်သတ်ခြင်း၊ ဖမ်းဆီး သတ်ဖြတ်ခြင်း၊ လက်နက်ကြီးနှင့် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်းကြောင့်ယခုအောက်တိုဘာလတွင်း ဒေသခံပြည်သူ ၁၇ သေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ အရပ်သားအသတ်ခံရမှု ပြန်လည်မြင့်တက်လာခဲ့ပြီး စက်တင်ဘာတစ်လအတွင်း အရပ်သား သေဆုံးမှု စုစုပေါင်း ၂၀ ဦး အထိ ရှိရာတွင် စစ်ကောင်စီတပ်နှင့် ၎င်း၏လက်အောက်ခံ ပျူစောထီးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုတို့ကြောင့် သေဆုံးရသူ အများဆုံးဖြစ်သည်ဟု လာသည်ဟု FE5 Tanintharyi အစီရင်ခံစာ၌ ဖော်ပြ ထားသည်။