အောက်တိုဘာလ ( ၂၆) ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်သို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာ (၂၆) ရက် ယနေ့တွင် သဝဏ်လွှာပေးပို့သည်။
SNLD ၏ (၃၆) နှစ်တာကာလအတွင်း နိုင်ငံရေးအလှည့်အပြောင်းများအကြား အမျိုးသားရေးအတွက် အစိုးရတို့၏ မှားယွင်းဆောင်ရွက်ချက်များကို ရဲဝံ့စွာ ဆန့်ကျင်ပြီး ပါတီ၏ချမှတ်ထားသော လမ်းစဥ်အတိုင်း ခိုင်မာစွာ ရပ်တည်လုပ်ဆောင်ပေးသည့်အပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများမဟာမိတ်အဖွဲ့ (UNA) ကိုဖွဲ့စည်းနိုင်ခဲ့သည့်အတွက် မော်ကွန်းတင်ကြောင်း KNU က သဝဏ်လွှာတွင် ဖော်ပြထားသည်။
ရှမ်းလူမျိုးအခွင့်အရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် ကြိုးပမ်းဆောင်ရွက်နိုင်ရေးကို ပါတီ၏ လမ်းစဥ်မူဝါဒအတိုင်း ကျင့်သုံးလာနိုင်ခဲ့သော ဦးဆောင်မှုပါတီ ပြုနေသည့် နိုင်ငံရေးတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အား ဂုဏ်ပြုကြောင်းလည်း KNU ကဆိုသည်။
ထို့အပြင် (၃၆)နှစ်ပြည့်မှသည် ရှမ်းတိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တနေသော အမျိုုးသားရေးနှင့် နိုင်ငံရေးမျှော်မှန်းချက်များကို ဦးဆောင်အကောင်အထည်ဖော်ပေးမည့် မျိုးဆက်သစ်ပါတီခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရန် KNU က ဆန္ဒပြုထားသည်။
KNU အနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေးအတွက် မပြီးဆုံးသေးသည့် တော်လှန်ရေးတွင် SNLD အပါအဝင် တိုင်းရင်းသားပါတီများ၊ တော်လှန်ရေးအင်အားစုများဖြင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း KNU ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုသည်။
SNLD ပါတီကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာ ၂၆ရက်နေ့တွင် စတင်တည်ထောင်ခဲ့ရာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော်၌ အင်အားအကြီးမားဆုံး ရှမ်းပါတီ တစ်ခုဖြစ်ခဲ့သည်။ ထို့အတူ စစ်ကောင်စီထံမှ ပါတီ မှတ်ပုံတင် ခြင်းမပြုလုပ်ထားသော ပါတီတစ်ခုလည်းဖြစ်ပြီး စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။



















