အောက်တိုဘာ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီ တိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဖြတ်သန်းသွားလာခွင့် မရဖြစ် နေသည့် ပြည်ထောင်စုလမ်းမကြီး မြိတ်- ပုလော-ထားဝယ် လမ်းပိုင်းကို အောက်တိုဘာ ၂၃ ရက်၊ နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီက ဖြတ်သန်းခွင့်ပြုလိုက်သည်ဟု ပုလောဒေသခံများက ပြောသည်။
ပုလောမြို့နယ် အဆိုပါ လမ်းပိုင်းတွင် တိုက်ပွဲများကြောင့် ပိတ်မိနေသည့် ခရီးသည်တင်ယာဉ်များ၊ အိမ်စီးကားများ နှင့် ကုန်စည်သယ်ယူပို့ဆောင်နေသည့် ကုန်တင်ယာဉ်များ လမ်းပြန်ဖွင့်၍ သွားလာခွင့်ရသော်လည်း တချို့ယာဉ် များမှာ စစ်ကောင်စီက ချောဆွဲခံရမည်စိုး၍ ဖြတ်သန်းသွားလာရန် စောင့်ကြည့်နေမှုများလည်း ရှိသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“လမ်းပိုင်းက စစ်ဆေးရေးဂိတ်တွေက သွားခွင့်ပြုလိုက်တာ။ တချို့ကျတော့လည်း စစ်တပ်ကခွင့်ပြုပေးတာ ဆိုတယ်။ တိုက်ပွဲကလည်းရှိနေတာဆိုတော့ ချောဆွဲခံရမှာကြောက်ပြီး မသွားတဲ့ ကားသမားတွေလည်း ရှိနေ တယ်” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စုတွင် အောက်တိုဘာ ၁၄ ရက်နေ့မှစ၍ တိုက်ပွဲ စတင်ဖြစ်ပွားနေသည့် အတွက် ပုလော-မြိတ်-ထားဝယ် လမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပြောဆိုထားကြောင်း သိရသည်။
ပုလောမြို့နယ်၊ ကြဲကျေးရွာအုပ်စုအတွင်းသို့ မြိတ်မြို့ အခြေစိုက်စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၁၀၂) တပ်ရင်းမှ အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် အောက်တိုဘာ ၁၄ ရက်နေ့တွင် စစ်ကြောင်း ထိုးလာသည့်အတွက် တော်လှန်ရေးတပ်များနှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲ ဖြစ်နေစဉ်အတွင်း စစ်ကောင်စီဘက်က ရေလမ်းကြောင်းမှတစ်ဆင့် အင်အား (၄၀၀) ဝန်းကျင်ဖြင့် ကြဲရွာ၊ တိုတောင်ပေါ်ရှိ စစ်ကောင်စီစခန်းများနှင့် တိုရွာစာသင်ကျောင်းအများစုတွင် တပ်ဖြန့်၍ ကင်းပုန်းဝပ် နေရာယူထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆို သည်။
၎င်းတာဝန်ရှိသူက “စစ်ကောင်စီအများစုက ကင်းပုန်းဝပ်နေရာယူရင် ဘုန်းကြီးကျောင်းတွေနဲ့ စာသင် ကျောင်းတွေမှာ အများစု နေရာယူထားတယ်။ နှစ်ဖက်စစ်ရေးကတော့ ပိုပြီးတင်းမာနေတုန်းပဲ။ ပြီးခဲ့တဲ့ ၁၉ ရက်နေ့ကနေစပြီးတော့ အင်အားဖြည့်တင်း တာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်” ဟု ယနေ့ အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြောသည်။
၎င်းအပြင် စစ်ကောင်စီမှ ပုလောမြို့နယ်အတွင်း နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရေး အတွက်လေ ကြောင်းမှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ဒရုန်းနှင့် ဗုံးသီးချခြင်း၊ စစ်သင်္ဘောများမှ အမြောက်များဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်းများကို ယနေ့အချိန်ထိ ဆက်တိုက်လုပ် ဆောင်လျက် ရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များအရ သိရသည်။



















